
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကက္ကူကြီးကျေးရွာက အရပ်သား တောင်သူ ၂ ယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပစ်သတ်ခံရတဲ့ အရပ်သား တောင်သူ ၂ ယောက်ဟာ လေးမျက်နှာမြို့နယ် ကက္ကူကြီးကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုဇော်ဇော်နဲ့ ကိုမင်းအောင် တို့ဖြစ်ပြီး အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လယ်ယာလုပ်ငန်းလုပ်ပြီး ပြန်လာချိန် စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက တားဆီးကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၅ ရက် ညနေပိုင်းမှာ ရွာအစပ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လယ်ထဲကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့အချိန် ဖမ်းခံရတာပါ။ နောက်ပိုင်း သူတို့ကို ပစ်သတ်လိုက်တယ်လို့ သိရတယ်။ သူတို့က တောင်သူတွေပါ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက အဆိုပါ အရပ်သား တောင်သူ ၂ ယောက်ကို ရိုက်နှက်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နားထင်၊ ဝမ်းဗိုက်နဲ့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူက ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ဖမ်းတာကတော့ PDF ဆိုပြီး ဖမ်းတာလို့ သိရတယ်။ ပစ်သတ်ခံရတာ ဟုတ်တယ်။ ညီအစ်ကိုဝမ်းကွဲတွေလို့ သိရတယ်” လို့ ပြောပါတယ်။
အရပ်သား တောင်သူ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ စစ်အာဏာရှင်တပ်က လေးမျက်နှာမြို့နယ်အတွင်းရှိ ကက္ကူကြီးကျေးရွာမှာ တပ်စွဲထားပြီး အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး၊ ငွေညှစ်၊ ရိုက်နှက်တာနဲ့ သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို PDF လို့ စွပ်စွဲဖမ်းဆီးနေတာကြောင့် ဒေသခံတောင်သူတွေဟာ လယ်ယာလုပ်ငန်းခွင်ကို သွားရောက်အလုပ်လုပ်ဖို့တောင် စိုးရိမ်နေကြပါတယ်။











