
တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားပြီး စစ်ရေးအင်အား တင်းတင်းကျပ်ကျပ် ဖြည့်တင်းထားတဲ့ နယ်စပ်က စစ်မဲ့ဇုန်အနားမှာ တောင်ဘက်ဆီ အမြောက်ပြောင်းတွေ ချိန်ရွယ် ထားတဲ့ မြောက်ကိုရီးယား သံချပ်ကာယာဉ်တွေကို အောက်တိုဘာ ၂၆ ရက်က တွေ့ရပါတယ်။
မကြာသေးမီက ဖြစ်ခဲ့တဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတခုနဲ့ စစ်မဲ့ဇုန် (DMZ) အတွင်း စစ်ရေး လှုပ်ရှားမှုတွေကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အစိုးရတို့ကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ ခုလိုတွေ့ရတာပါ။
နယ်စပ်အနားမှာ မြောက်ကိုရီးယား သံချပ်ကာယာဉ် ၃ စီးနဲ့ ကိုယ်တိုင်ရွေ့လျားနိုင်တဲ့ အမြောက် တလက် ရပ်ထားတာကို နယ်စပ်ကို ကြီးကြပ်စောင့်ကြည့်နိုင်တဲ့ တောင်ကိုရီးယားဘက်ခြမ်း နေရာ တခုကနေ ရိုက်တာသတင်းဌာန သတင်းထောက် တယောက်က တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင် စစ်မဲ့ဇုန် (DMZ) အတွင်း မြောက်ကိုရီးယား စစ်သား ၂၀ ကနေ ၃၀ လောက်က ခြံစည်းရိုး ကာတဲ့ လုပ်ငန်းတွေ လုပ်နေတာကို သူက တွေ့ခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ရေးပါတယ်။
လက်နက်ဟာ ၁၂၂ မမ ကိုယ်တိုင်ရွေ့လျားနိုင်တဲ့ ဟောင်ဝစ်ဇာ အမြောက်တလက်ဖြစ်ပြီး နယ်စပ် အနားမှာ ချထားရင်း ဒီလိုလက်နက် မျိုးကို လူသိရှင်ကြား ထုတ်ပြတာ ရှားတယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟပ်သတင်းဌာနက မှတ်ချက်ပြုပါတယ်။
စက်တင်ဘာလထဲမှာဖြစ်ခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကို မြောက်ကိုရီးယား နယ်စပ် တည်ဆောက်ရေးလုပ်ငန်းတွေကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်မှု တခုအဖြစ် ပုံဖော်ဖို့ တောင်ကိုရီးယားက ဖန်တီးလုပ်ကြံထားတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။
ဒီစွဲချက်ကို မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆီ အောက်တိုဘာ ၂၅ ရက်က ပေးပို့ ထားပါတယ်။
မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်လာခဲ့ရင် မိမိကိုယ်ကို ခုခံကာကွယ်တဲ့ အစီအမံတွေ လုပ်သွားမှာဖြစ်ပြီး ဖြစ်လာမဲ့ အကျိုးဆက်တွေအတွက် တောင်ကိုရီးယားက တာဝန်ယူရလိမ့်မယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။
Source:Reuters











