DVB Logo
Home
မြန်မာသတင်း
မန္တလေး PDF က ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားဟု NUG ထုတ်ပြန်
DVB
·
June 13, 2026
Photo: မန္တလေး PDF
Photo: မန္တလေး PDF
Donate to DVB

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းနဲ့ စစ်ဦးစီးအဖွဲ့ဝင် ကိုနိုင်ကြီးတို့ကို စစ်ဘက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုမုန်တိုင်း ဖမ်းဆီးခံရပြီးနောက်ပိုင်း ၇ လနီးပါး အဆက်အသွယ်ပြတ်တောက်ကာ မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က အခုလို သတင်းထုတ်ပြန်လာတာပါ။

ထုတ်ပြန်ချက်မှာတော့ စစ်ဆင်ရေးစုဖွဲ့မှု တာဝန်ခံ ကိုမုန်တိုင်းဟာ ၂၀၂၄ ခုနှစ်က တပ်ဖွဲ့တွင်း လူမှုရေးဖောက်ပြန်မှုကြောင့် အချုပ်ပြစ်ဒဏ် ၆ လ ကျခံနေစဉ် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ဘဏ္ဍာရှာဖွေရေး ဌာနကြီးမှူး ကိုနိုင်ကြီးနဲ့ ပူးပေါင်းပြီး တပ်ဖွဲ့ပိုင် ရွှေ ၁၆.၆ ပိဿာကို တရားမဝင် ထုတ်ယူသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့ရဲ့ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အဲဒီကိစ္စရပ်ကို ကျူးလွန်ကြောင်း ဝန်ခံကတိပြုခဲ့ပေမဲ့ ကျခံရမဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲခဲ့တဲ့အပြင် ထုတ်ယူထားတဲ့ ရွှေတွေကိုလည်း တပ်ဖွဲ့ဆီ ပြန်လည်အပ်နှံခဲ့ခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ဒါ့အပြင် တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ဦးဆောင်သူတွေရဲ့ လမ်းညွှန်မှုကို မနာခံဘဲ တပ်တွင်း စည်းလုံးမှုကို ထိခိုက်စေမဲ့ အပြုအမူတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုတွေကို ဆင့်ကဲကျူးလွန်လာတဲ့အတွက် ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို ၂၀၂၅ ခု နိုဝင်ဘာ ၁၅ ရက်က စတင်ပြီး တာဝန်တွေကနေ ရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းပြီးတော့ အချုပ်နဲ့ ထိန်းသိမ်းထားရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စရပ်ဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဖွဲ့ဝင် ၅ ယောက် ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းပြီး ၂၀၂၆ ခု ဇန်နဝါရီမှ မေလအထိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခုံရုံးရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ကိုမုန်တိုင်းဟာ ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယား Hard Copy နဲ့ Soft Copy တွေကို ဖျက်ဆီးစေခဲ့ခြင်းနဲ့ ကိုနိုင်ကြီးအနေနဲ့လည်း လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ရွှေတွေကို ထုတ်ပေးခဲ့ခြင်း စတဲ့ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုများစွာကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ရှိအချိန်မှာ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးတို့ကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး ပျောက်ဆုံးနေတဲ့ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013