
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ပြောကြားချက်တွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားပြည်သူတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခဲ့ခြင်းမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အလျင်စလို အကျိုးအကြောင်းခိုင်လုံခြင်းမရှိဘဲ ထိတွေ့ ဆက်ဆံဖို့ ကြိုးပမ်းမှုတွေဟာလည်း စစ်တပ်ကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်နေတာကနေ ရပ်တန့်စေနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။
မေ ၂၁ ရက်က ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီရဲ့ “လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သား ပြည်သူများအား ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ တံခါးဖွင့် ဆွေးနွေးပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တာဖြစ်ပြီး ပဋိပက္ခအခြေအနေတခုမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေတာဟာ ပြစ်မှုကျူးလွန်သူတွေကို ပိုမိုအတင့်ရဲလာစေနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ နိုင်ငံတကာအာရုံစိုက်မှု အတိုင်းအတာ ဘယ်လိုပင်ရှိစေကာမူ ပဋိပက္ခ အခြေအနေအားလုံးမှာ အရပ်သားပြည်သူတွေအားလုံးအတွက် ကာကွယ်စောင့်ရှောက်ရေးကို ထိန်းသိမ်း မြှင့်တင်ဖို့ တာဝန်ရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၈၆ (၂၀၁၆) ကို ချမှတ်ခဲ့တာ ၁၀ ပြည့် မြောက်လာပြီဖြစ်ပေမဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှု တွေ ဆက်လက်တွေ့မြင်နေရဆဲဖြစ်ကြောင်း၊ စစ်အာဏာရှင်တပ်က အကြမ်းဖက်မှု အမျိုးမျိုးကို ခွဲခြားမှုမရှိ ကျူးလွန်နေတာဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၂၆၆၉ (၂၀၂၂)နဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အပါအဝင် ကုလသမဂ္ဂဆုံးဖြတ်ချက်တွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို သိသာမြင်သာစွာ ချိုးဖောက်နေတာလို့လည်း ဆိုပါတယ်။
ဒီလိုထပ်ခါတလဲလဲ ချိုးဖောက်မှုတွေအပေါ် လုံခြုံရေးကောင်စီအနေနဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက် တရပ် ချမှတ်ဖို့လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုထံကို စစ်လက်နက်၊ လေယာဉ်ဆီနဲ့ နည်းပညာတွေ မရောက်အောင် တားဆီးနိုင်ရေးအတွက် ပိုမို ကျယ်ပြန့်ပြီး ပြည့်စုံသောဆောင်ရွက်ချက်တွေ ချမှတ်ဖို့ လိုအပ်နေတယ်လို့ သံအမတ်ကြီးက တိုက်တွန်းပါတယ်။
တရားမျှတမှုဖော်ဆောင်နိုင်နိုင်ဖို့နဲ့ အကြမ်းဖက်စစ်အာဏာရှင်အဖွဲ့က ခံစားနေရတဲ့ အရေးယူ၊ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေတာကို အဆုံးသတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းချိန်ကစပြီး ပြည်သူ ၈,၀၀၀ ကျော်ဟာ အကြမ်းဖက် စစ်တပ်ရဲ့ လက်ချက်နဲ့ အသက်သေဆုံးခဲ့ရပါကြောင်း၊ ပြည်သူ ၃ ဒသမ ၆ သန်းဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရပြီး ပြည်သူ ၂၂ သန်းနီးပါးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။











