
တနင်္သာရီတိုင်း၊ ပုလောမြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ရှုပ်ပုံရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်ပစ္စည်းတွေကို ပစ်ထားပြီး အသက်လု ထွက်ပြေးလာကြရတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမိုးရာသီကာလမှာ စားနပ်ရိက္ခာအခက်အခဲနဲ့ အလူးအလဲရင်ဆိုင်နေရတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတုန်းက စစ်တပ်ဟာ ရှုပ်ပုံရွာရဲ့ ရွယ်လယ်ရပ်ကွက်၊ လယ်ပြင်တန်းရပ်ကွက်၊ ရွာဖျားရပ်ကွက်၊ စံပြရပ်ကွက်၊ ပြင်းငယ်ရပ်ကွက်နဲ့ ကုန်းဖျားရပ်ကွက် တွေမှာ ဒရုန်းနဲ့ မီးထုပ်တွေ လိုက်ချပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ရှုပ်ပုံရွာခံတွေက ပြောပါတယ်။
စစ်တပ်က နေအိမ်တွေကို မီးရှို့တာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရှုပ်ပုံရွာမှာ နေအိမ် ခန့်မှန်း ၇၀ လောက် ထိခိုက်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ရွာခံ အမျိုးသမီးတယောက်က “အရေးတကြီးလိုအပ်တာ တွေက စားဝတ်နေရေးပိုင်းမှာပေါ့။ သွားရလာရခက်ခဲတော့ စားဝတ်နေရေးအတွက် သယ်ယူရာမှာ အရမ်းပင်ပန်းတာပေါ့။ နေအိမ်မီးရှို့ခံရတော့ အခက်အခဲက အရမ်းဖြစ်တယ်။ အခုလောလောဆယ် မှာ ရွာလယ်မှာကျတော့ ပစ္စည်းတွေဘာမှ ယူလို့မရဘူးလေ။ စဖြစ်ကတည်းကထွက်ပြေးရတော့ ရွာလယ်ဘက်မှာ ပိုပြီးခက်ခက်ခဲခဲဖြစ်တယ်။ အထဲဘက်က သူတွေကျတော့ ရွာလယ်ကိုမီးရှို့တော့ သူတို့မှာ နည်းနည်းပါးပါး ယူလို့ရတယ်။ ရွာလယ်တွေမှာ ကျတော့ တည်စားဖို့ အိုးခွက်တောင် ယူလို့မရဘူးလေ။ တအားအခက်အခဲဖြစ်နေကြတာပေါ“လို့ ပြောပါတယ်။
လက်ရှိမှာတော့ အနည်းဆုံး အိမ်ခြေ ၇၀၀ နီးပါးဟာ နီးစပ်ရာကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ဓနိတောနဲ့ လယ်ကွင်းတွေမှာ စစ်ဘေးရှောင်နေပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေတယ် လို့ စစ်ဘေးရှောင်နေကြတဲ့ ရှုပ်ပုံရွာခံတွေက ပြောပါတယ်။
စစ်ဘေးရှောင်နေတဲ့ ရှုပ်ပုံရွာခံနောက်တဦးက “အခုလက်ရှိမှာ နေဖို့၊ စားဖို့အတွက် ခက်တော့ ခက်ခဲတာပေါ့။ ကိုယ့်အိမ်ပိုင်လည်းမဟုတ်ဘူးဆိုတော့ နီးတဲ့နေရာမှာ တဲထိုးပြီးနေရတော့ ခက်ခဲတာပေါ့။ အခုလောလောဆယ် စားဝတ်နေရေးအတွက်ကတော့ အလုပ်အကိုင်မရှိနေတော့ အခက်အခဲဆုံးပဲ။ လက်ရှိမှာ လာတုန်းက ပါလာတဲ့ ပိုက်ဆံနဲ့ပဲ ဖြေရှင်းနေရတယ်။ စားနပ်ရိက္ခာ ကတော့ အခက်အခဲရှိတာပေါ့။ အလုပ်မရှိဘဲနဲ့ မနည်းကြာသွားပြီဆိုတော့ ဒီလိုမျိုးပဲနေပြီးတော့ စားနေရတယ်”လို့ ပြောပါတယ်။
ပုလောမြို့နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စနစ်နဲ့ ဖြတ်တောက်ခံ ထားရတာကြောင့် လက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ တကိုယ်ရေးသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေ ပါတယ်။
စစ်ရှောင်ကူညီသူတယောက်က “အခုလောလောဆယ်မှာ အရေးတကြီးလိုအပ်တာကကျတော့ အစားအသောက်ပေါ့။ အစားအသောက်အတွက် ပိုက်ဆံတွေလိုမယ်။ နောက်တခုက တကိုယ်ရေ သုံးဖို့အတွက် တကိုယ်ရေသုံးပစ္စည်းတွေလိုအပ်မယ်ထင်တယ်။ မိုးရာသီဆိုတော့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်ပေါ့။ နောက်တခုက ခုနကပြောတဲ့ ဆန်ဆီဆားပေါ့နော်။ အဲဒါတွေအခုလောလောဆယ်က လိုအပ်နေတယ်။ ဘာဖြစ်လဲဆိုတာ ဒီဘက် အခြေအနေအရ မိုးရာသီမှာ အလုပ်အကိုင်တွေလည်း မရှိဘူးလေ။ နွေရာသီမှာလုပ်ရတဲ့ အလုပ်တွေများတယ်။ မိုးရာသီမှာကျတော့ ဆေးဝါးတွေ မိုးကာတွေအပြင် ဘာတွေလိုအပ်လဲဆိုတော့ စားနပ်ရိက္ခာတွေပါ့နော်။ အဲဒါတွေလိုအပ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်က ရှုပ်ပုံရွာ၊ ရွာဖျားရပ်ကွက်မှာ အထိုင်ချထားပြီး ဒေသခံအားလုံးနီးပါး ရှုပ်ပုံရွာထဲကို အခုချိန်အထိ ပြန်ဝင်လို့မရသေးဘဲ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါသေး တယ်။










