DVB Logo
Home
နိုင်ငံတကာ
ထိုင်းက ၃ နှစ်အတွင်း အာဆီယံ အကြီးဆုံး လေကြောင်းဗဟိုချက် ဖြစ်လာရန် ကြိုးပမ်း
DVB
·
June 17, 2026
Photo: Thai PBS
Photo: Thai PBS
Donate to DVB

ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက လာမဲ့ ၂၀၂၉ ခုနှစ်မှာ ထိုင်းနိုင်ငံကို အာဆီယံဒေသတွင်း အဓိက လေကြောင်းဗဟိုချက်အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်သွားဖို့ ရည်မှန်းချက် ချမှတ်ထားတဲ့အကြောင်း Thai PBS World သတင်းမှာ ဇွန် ၁၆ ရက်က ဖော်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ ပထဝီဝင်အနေအထား အားသာချက်ကို အပြည့်အဝ အသုံးချပြီး ဒေသတွင်း ခရီးသွားလာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ထိပ်တန်းဗဟိုချက်တခု ဖြစ်လာအောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပို့ဆောင်ရေးဝန်ကြီး ဖိဖတ် ရက်ချာကစ်ပရာကန်က ပြောလိုက်တာပါ။

ပြင်းထန်လှတဲ့ နိုင်ငံတကာ ပြိုင်ဆိုင်မှုတွေကြားမှာ ဦးဆောင်နိုင်ဖို့အတွက် ဝန်ကြီးဌာနဟာ အဓိက လေကြောင်း အခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ အဆင့်မြှင့်တင်တာ၊ အဆင့်မြင့် နည်းပညာတွေ အသုံးပြုတာနဲ့ အထူးပြု လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုးချဲ့ရေး စီမံကိန်းအရ မြို့တော်ဘန်ကောက်က သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်း လေဆိပ်နှစ်ခုလုံးရဲ့ စုစုပေါင်း လက်ခံနိုင်စွမ်းကို လာမဲ့ ၂၀၂၉ ခုနှစ်မှာ တနှစ်ကို ခရီးသည် အနည်းဆုံး သန်း ၁၂၀ အထိ တိုးမြှင့်သွားမှာဖြစ်ကာ သီးခြားစီ ကြည့်မယ်ဆိုရင်တော့ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ တနှစ်တာ လက်ခံနိုင်စွမ်းဟာ လက်ရှိ သန်း ၆၀ ကနေ လာမဲ့ ၃ နှစ်အတွင်း ၇၃ သန်းကျော်အထိ တိုးတက်လာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းဆိုင်ရာ မဟာဗျူဟာ စီမံကိန်းကြီးထဲမှာ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက်၊ ကရာဘိ၊ ခွန်ကန်နဲ့ အူဘွန်ရတ်ချာဌာနီ လေဆိပ်တွေလိုမျိုး နယ်ပယ်ဒေသအလိုက် ဗဟိုချက် လေဆိပ်တွေကိုလည်း အပြည့်အဝ ပေါင်းစပ် ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာတော့ ဝန်ကြီးဌာနဟာ ကုန်စည် ကိုင်တွယ်မှုအပိုင်း တိုးတက်ကောင်းမွန်လာစေဖို့ ဦးစားပေး လုပ်ဆောင်နေတာဖြစ်သလို သုဝဏ္ဏဘူမိ လေဆိပ်ရဲ့ တတိယမြောက် ကုန်လှောင်ရုံကို လည်ပတ်ဖို့ ကန်ထရိုက်စာချုပ် ရရှိထားတဲ့ ထိုင်းလေဆိပ်များ မြေပြင်လေကြောင်း ဝန်ဆောင်မှုလုပ်ငန်းဟာ လက်ရှိမှာ လုပ်ငန်းစဉ် အပိုင်းတွေကို အပြီးသတ် ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ထိုင်းအာဏာပိုင်တွေဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့နဲ့ ဆေးဝါးတွေ၊ ကန့်သတ်ကုန်စည်တွေနဲ့ အသက်ရှိတဲ့ တိရစ္ဆာန်တွေလိုမျိုး အထူးဂရုစိုက်ရမယ့် ကုန်ပစ္စည်းတွေအတွက် ကိုင်တွယ်မှုဆိုင်ရာ စံနှုန်းတွေကို တပြေးညီဖြစ်အောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပို့ဆောင်ရေးဝန်ကြီးဟာ ရေရှည်မှာ ခရီးသည်အရေအတွက်နဲ့ ကုန်စည်ပမာဏ တိုးတက်လာမှုကို ပံ့ပိုးပေးနိုင်ဖို့အတွက် လေယာဉ် ပြုပြင်ထိန်းသိမ်းရေး၊ ပြင်ဆင်ရေးနဲ့ အကြီးစား ပြုပြင်မွမ်းမံရေး အဆောက်အအုံတွေနဲ့ အထူးပြု လေကြောင်းထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနတွေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပို့ဆောင်ရေးဝန်ကြီး ဖိဖတ်ကတော့ လာမဲ့နှစ်အနည်းငယ်အတွင်းမှာပဲ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ လုပ်နိုင်စွမ်း မြှင့်တင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး မူဘောင် စီမံကိန်း အများအပြားဟာ တခုပြီးတခု အောင်မြင်စွာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် ၂၀၂၉ ခုနှစ် ရည်မှန်းချက်ဟာ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013