
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးကြည်ဝင်းဟာ မေ ၁၈ ရက် ညနေပိုင်းလောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြူကန်ကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ညောင်ပင်ကျေးရွာ အိမ်ကနေ သေနတ်သမားတွေက လာဖမ်းခေါ်သွားတာ။ ပြူကန်ရွာအနားမှာ ပစ်သတ်သွားတာ။ တခါတည်း ပွဲချင်းပြီး ပစ်သတ်ခံရတာ” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၆၅ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းကို သေနတ်သမားတွေက ဆိုင်ကယ် ၄ စီး၊ သေနတ်ကိုယ်စီနဲ့ ရောက်လာပြီး ဖမ်းခေါ် သတ်ဖြတ်သွားတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတချို့က PDF တွေက ဖမ်းဆီးခေါ်ဆောင် ပစ်ခတ် သတ်ဖြတ်သွားတာလို့ ရေးသားကြပေမဲ့ တော်လှန်ရေးတပ် PDF တွေဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။










