
Yangon water Bus ကို ဒီနေ့မနက်ပိုင်းက စပြီး ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းကနေ အင်းစိန်ခုံးကျော်တံတားထိ ပထမဆုံး စတင်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။
စီးနင်းခ ၃၀၀ ကျပ်ကို ငွေသားပေးဆောင်စရာမလိုဘဲ တက်/ ဆင်း ပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းတွေမှာ anypay ငွေဖြည့်ကတ် အသုံးပြုကာ မိမိထည့်လိုသော ငွေပမာဏကို ထည့်သွင်းကာ လိုက်ပါစီးနင်းနိုင်မယ်လို့ သိရပါတယ်။ စတင်ပြေးဆွဲတဲ့ ဒီနေ့မှာ အခမဲ့စီးနင်းခွင့်ပြုထားပါတယ်။
လတ်တလောအနေဖြင့် ၅ စင်းစတင်ပြေးဆွဲပေးမှာဖြစ်ပြီး နေ့စဉ် မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ ခရီးသည်လိုက်ပါစီးနင်းမှုအပေါ် မူတည်ကာ အချိန်ကွာခြားမှုမရှိဘဲ အဆက်မပြတ်ပြေးဆွဲပေးသွားမှာဖြစ်ပြီး လမ်းကြောင်းတစ်ကြောင်းကို မိနစ် ၃ဝ၊ ၄၅ မိနစ်ဝန်းကျင်သာ ကြာမြင့်မှာဖြစ်ပါတယ်။
ခရီးသည်လုံခြုံမှု အတွက်လည်း Water Bus တွေမှာ အသက်ကယ်အင်္ကျီတွေကို စီစဉ်ထားသလို ကလေးအသက်ကယ် အင်္ကျီ၊ ဗောကွင်းတွေနဲ့ အရေးပေါ်လှေတွေပါ ခရီးသည်တွေအတွက် စီစဉ်ပေးထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနာ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရန်ကုန် ဗိုလ်တထောင်ကနေ အင်းစိန်ခုံးကျော်တံတားအထိ ခရီးစဉ်အတွင်း လမ်းကြောင်းတစ်လျှောက် ခရီးသည် တက်/ဆင်းပြုလုပ်နိုင်မယ့် ဆိပ်ကမ်းတွေကတော့ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်နှင့် ပန်းလှိုင်တို့ ဖြစ်ပါတယ်။
Yangon Water Bus ပေါ်မှာ ခရီးသည်တွေသာ လိုက်ပါစီးနင်းနိုင်ပြီး ကုန်ပစ္စည်းတွေ လုံးဝတင်ဆောင်ခွင့်ပြုမှာမဟုတ်သလို လိုက်ပါစီးနင်းမယ့် ခရီးသည်တွေအနေနဲ့ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်း၊ မြစ်အတွင်းအမှိုက်စွန့်ပစ်ချခြင်းတို့ကို လုံးဝခွင့်ပြုသွားမှာ မဟုတ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။











