
စက်တင်ဘာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု ၁၇၅ ခု၊ အကြိမ်ရေ ၆၅၀ ရှိပြီး အရင်လတွေထက် သိသိသာသာ ပိုများလာတယ်လို့ “မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)” ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
MDSI ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာရှင်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၇၅ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ဗုံးကြဲချမှု အကြိမ်ရေကတော့ ၅၄၀ ကျော်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ နှိုင်းယှဉ်ရင် လေကြောင်းအသုံးပြုမှု ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကြည့်ရင် ထူးခြာချက်ကတော့ စစ်ရေးအရ အရေးပါတဲ့နေရာတွေကို ဦးတည်သလို၊ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေကိုလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရပြီး တိုက်ခိုက်မှုအကြိမ်ရေ ၁၃၆ ကြိမ် ဖြစ်စဉ် ၄၅ ခု သေဆုံးသူ ၆၂ ယောက်၊ ဒဏ်ရာရသူ ၈၂ ယောက် ရှိတယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ တိုက်ခိုက်မှု ၅၄ ကြိမ်၊ ဖြစ်စဉ် ၂၉ ခု၊ သေဆုံးသူ ၄၁ ယောက်၊ ဒဏ်ရာရသူ အယောက် ၆၀ ရှိပြီး မကွေးတိုင်း တိုက်ခိုက်မှု ၃၈ ကြိမ်၊ ဖြစ်စဉ် ၁၉ ခု၊ သေဆုံးသူ ၂၂ ယောက်၊ ဒဏ်ရာရသူ ၃၉ ယောက် ရှိပါတယ်။
ကရင်နီပြည်နယ်မှာတော့ တိုက်ခိုက်မှု ၃၂ ကြိမ်၊ ဖြစ်စဉ် ၁၆ ခု၊ သေဆုံးသူ ၂၀ ယောက်၊ ဒဏ်ရာရသူ ၃၃ ယောက်ရှိတယ်လို့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီဒေသ ၄ ခုရဲ့ ထိခိုက်မှုဟာ အများဆုံး ဖြစ်ပြီး တနိုင်ငံလုံး စုစုပေါင်းရဲ့ ၈၇ ရာခိုင်နှုန်း ရှိပါတယ်။
ကချင်ပြည်နယ်မှာတော့ ဖြစ်စဉ် ၃၂ ခုရှိပေးမဲ့ တိုက်ခိုက်မှုအကြိမ်ရေ ၃၁၂ ကြိမ်၊ ၄၈ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတခုချင်းစီမှာ ဗုံးအလုံးရေ အများအပြား အသုံးပြုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့တာကို တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်မှာ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းပါမကျန် ပစ်မှတ်ထားတိုက်ခိုက်တာ များတယ်လို့ မှတ်တမ်းမှာ ထောက်ပြပါတယ်။
MDSI ရဲ့ သုံးသပ်ချက်အရ စစ်အာဏာရှင်တပ်ဟာ လေကြောင်းစစ်ဆင်ရေးတွေမှာ နည်းဗျူဟာအသစ်တွေကို အသုံးပြုလာပြီး တွေ့ရှိရတဲ့ အောက်ပါ အချက် ၄ ချက်ကို ဖော်ပြပါတယ်။
ထပ်ခါတလဲလဲ ဗုံးကြဲခြင်း (Repeated Strikes)
ကချင်ပြည်နယ်နဲ့ တခြားဒေသအချို့မှာ စစ်ရေးပစ်မှတ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို တရက်တည်းမှာပဲ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာကို အသုံးပြုခဲ့ပါတယ်။
အသံခံ ဒရုန်းအသုံးပြုခြင်း (Suicide Drone/Loitering Munition)
စက်တင်ဘာလအတွင်းမှာပဲ အသေခံ ဒရုန်း (Suicide Drone) အသုံးပြုပြီး တိုက်ခိုက်တဲ့ဖြစ်စဉ် ၂၃ ကြိမ်ရှိခဲ့ပြီး စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒီလို နည်းပညာအသစ်တွေကိုပါ ပိုမိုအသုံးပြုလာတာကို ဖော်ပြနေပါတယ်။
အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်လာခြင်း
စစ်ရေးအရ အရေးပါတဲ့နေရာတွေထက် ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာတာကို တွေ့ရပြီး ဒီတိုက်ခိုက်မှုဟာ ပြည်သူလူထုကို ထိတ်လန့်ခြောက်လှန့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အမျိုးအစားစုံ လေယာဉ်များအသုံးပြုခြင်း (Multi-Platform Integration)
တိုက်ခိုက်ရေးလေယာဉ် (FTC-2000G, K-8, Yak-130, A-5)၊ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-12, L-410)၊ တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi-35) တွေအပြင် Drone တွေကိုပါ ပေါင်းစပ်ပြီး အသုံးပြုလာသလို ဗုံးလက်နက်အမျိုးအစားပေါင်း ၉၀၀ ကျော် ကြဲချခဲ့တယ်လို့ သုံးသပ်ချက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ အရင်လထက် သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ သေဆုံးသူ ၁၆၃ ယောက် ရှိပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၃၃ ယောက်နဲ့ ကလေးငယ် ၁၀ ယောက် ပါဝင်ပါတယ်။
ကျေးရွာ လူနေအိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သလို၊ စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လမ်း၊ တံတားတွေလည်း ပျက်စီးခဲ့ပြီး သတင်းရရှိမှုအကန့်အသတ်အရ မြေပြင်အခြေအနေမှာ ထိခိုက်ပျက်စီးမှုပမာဏက အခုထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင် ကျောက်တော်ဖြစ်စဉ်ဟာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ ဖြစ်စဉ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ Yak-130 တိုက်ခိုက်ရေးလေယာဉ် ၂ စီးကို အသုံးပြုပြီး အရပ်သားတွေ စုဝေးရာနေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား သေဆုံးခဲ့တာလို့ MDSI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေ မြောက်နေပြီး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေကြောင်း ထောက်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ပိုမိုအဆင့်မြှင့်တင်ဖို့နဲ့၊ အရပ်သားပြည်သူတွေကို လေကြောင်းအန္တရာယ် သတိပေးစနစ်တွေနဲ့ ပိုမိုချိတ်ဆက်ပြီး၊ ဘေးကင်းလုံခြုံတဲ့နေရာတွေ စီစဉ်ပေးဖို့ လိုအပ်နေကြောင်း MDSI က အကြံပြုထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ထိတ်လန့်ခြောက်လှန့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအစီရင်ခံစာပါ အချက်အလက်တွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေကို မီးမောင်းထိုးပြနေတာဖြစ်ပြီး၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ထိရောက်တဲ့ အကူအညီတွေကို ပိုမိုလိုအပ်နေကြောင်း ဖော်ပြနေပါတယ်။
Source: MDSI











