DVB Logo
Home
မြန်မာသတင်း
The Voice အယ်ဒီတာချုပ်ကို စွဲထားသည့်အမှု အပြီးသတ်ပိတ်သိမ်း
DVB
·
September 29, 2017
The Voice အယ်ဒီတာချုပ်ကို စွဲထားသည့်အမှု အပြီးသတ်ပိတ်သိမ်း
Donate to DVB

ကျည်ထောင်စုသစ္စာဆောင်းပါးနဲ့ ပတ်သက်ပြီး တရားစွဲဆိုခဲ့ထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါရှင် ဗြိတိသျှ ကိုကိုမောင်တို့ရဲ့အမှုကို ဒီကနေ့ အပြီးသတ် ပိတ်သိမ်းလိုက်ပါတယ်။

သူတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုကို ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ရုပ်သိမ်းလိုက်တာလို့ ဦးကျော်မင်းဆွေရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“သူတို့က တပ်မတော်ဘက်ကနေ အမှု ရုပ်သိမ်းလိုက်တာပါ၊ နှစ်မှုလုံးကိုလေ။ သူတို့တိုင်ကြားထားတဲ့ တိုင်ကြားချက်ကို ပြန်လည်ရုပ်သိမ်းတဲ့အတွက် တရားရုံးက အမှု ပိတ်သိမ်းလိုက်တာပါ။ ဒီနေ့က နောက်ဆုံးပါပဲ။”

သူတို့ကို မီဒီယာဥပဒေနဲ့ စွဲဆိုထားတဲ့အမှု ၂၅ (ခ) ကလည်း ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပိတ်သိမ်းခဲ့ပြီး ဒီကနေ့မှာတော့ ၆၆ (ဃ)နဲ့ စွဲဆိုထားတဲ့အမှုကို တရားရုံးက ပိတ်သိမ်းလိုက်တာလို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက“အမှုကိစ္စနဲ့ပတ်သက်လို့ တရားလိုဖြစ်သူ တပ်မတော်ဘက်က ရုပ်သိမ်းပြီးသားဖြစ်တဲ့အတွက် တကယ်တမ်းဆို ပြီးခဲ့တဲ့ရုံးချိန်းကတည်းက ပြီးရမယ့်ကိစ္စပါ။ တရားသူကြီးကလည်း အမှုကို ပြီးပြတ်ချင်နေပြီ၊ ဒါပေမယ့် ရဲဘက်က မပြီးပြတ်လို့သာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့ရုံးချိန်းအထိစောင့်ရတာ၊ ကြာသွားတယ်။ အဓိကကတော့ ရဲလုပ်ငန်း စဉ်မပြီး ပြတ် ခဲ့တာ” လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ဘက်က အမှုရုပ်သိမ်းပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း“ တပ်မတော်ဘက်က မီဒီယာတွေအပေါ်စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပေးလိုက်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာနဲ့တပ်မတော်ဆိုတာ ရန်ဖြစ်လို့ရတဲ့ အဖွဲ့အစည်းတခုမဟုတ်လို့ပါ။ စောစောပိုင်းက အထင်လွဲခဲ့တာတွေ၊ နားလည်မှုလွဲခဲ့တာတွေ ရှိခဲ့တဲ့အတွက် တရားရင်ဆိုင်တဲ့ကိစ္စတွေဖြစ်ပေမယ့် ဒီဟာကိုတပ်ဘက်က တရားဝင် ရုပ်သိမ်းပေးတယ်ဆိုတာ  ကောင်းတဲ့လက္ခဏာပါ။ အသိအမှတ်ပြုရမှာပါ”လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ကျည်ထောင်စုသစ္စာ သရော်ဆောင်းပါးရေးခဲ့လို့ ၆၆ ဃ နဲ့ မီဒီယာဥပဒေ ပုဒ်မ ၂၅ နဲ့စွဲခံခဲ့ရတဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်ကတော့ “တရားလိုဖြစ်တဲ့တပ်မတော်ဘက်က အခုလို ရုပ်သိမ်းပေးလိုက်တာ အသိမှတ်ပြုပါတယ်။ ဒါပေမယ့် နဂိုကတည်းကနေ ဒီအမှုတွေဟာ အစောကြီးကတည်းက မစွဲသင့်တဲ့ ပုဒ်မတွေဖြစ်တယ်လို့ ယူဆထားတဲ့အတွက် ထူးထူးခြားခြား တော့ ဒီနေ့အတွက်ပြောစရာမရှိပါဘူး။ သရော်စာရေးလို့ ပုဒ်မတွေတပ် တရားစွဲဆိုခံ ခဲ့ရပေမယ့် သရော်စာတွေကိုတော့ ဆက်ရေးသွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီသတင်းထောက်တွေအပါအ၀င် သတင်းသမားတွေနဲ့  လူပုဂ္ဂိုလ် ၈ ဦး အပေါ်စွဲဆိုထားတဲ့အမှုတွေကို ကျေအေးပြီး ပြန်ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်က စက်တင်ဘာလ ၁ ရက်နေ့က   ထုတ်ပြန်ပါတယ်။

ရုပ်သိမ်းပေးခဲ့တဲ့ အမှုတွေကတော့ ၀န်းသိုမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ-၅၀၂နဲ့ တရားစွဲထား တဲ့ The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးအမှု၊ ဗဟန်းမြို့နယ် တရားရုံးမှာ သတင်းမီဒီယာ ဥပဒေပုဒ်မ-၂၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)တို့နဲ့ တရားစွဲဆိုထားတဲ့ The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ကလောင်ရှင် ဗြိတိသျှကိုကိုမောင်အမှု၊ သီပေါမြို့ နယ်တရားရုံးမှာ မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်နဲ့ ဧရာဝတီ အကြီးတန်း သတင်းထောက် ဦးသိန်းဇော်တို့ရဲ့ အမှုတွေဖြစ်ပါတယ်။

ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက်တွေရဲ့အမှုတွေကိုတော့ ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်နေ့ကတည်းက တရားရုံးက အပြီးသတ်ရုပ်သိမ်းပေးခဲ့ပြီဖြစ်ပေမယ့် ဒီအမှုတွဲမှာ ပါဝင်တဲ့ ကားမောင်းသမားတွေကတော့ လိုင်စင်မဲ့ကားအမှုနဲ့ ဆက်လက်တရားရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013