
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ အနီးမှာ မြန်မာဘက်ခြမ်းကို တရားမဝင်သယ်ဆောင်မဲ့ ထိုင်းဘတ်ငွေ ၂၃ သန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက် ညနေ ၆ နာရီလောက်က ထိုင်းအကောက်ခွန် စစ်ဆေးရေးဂိတ်နားမှာ တာဝန်ရှိသူတွေက မြန်မာဘက်ခြမ်းကိုကူးမဲ့ ယာဉ်တွေကို စစ်ဆေးစဉ် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက် မောင်းနှင်တဲ့ ၇ ယောက်စီး မြန်မာနံပါတ်ပြား ကိုယ်ပိုင်ကားကိုပါ စစ်ဆေးခဲ့ပါတယ်။
အဲဒီကားထဲကနေ ငါးခြောက်နဲ့ အာလူးကြော်ပါ စက္ကူဂျပ်ဖာ ၂ လုံးထဲ ဝှက်ထားတဲ့ ဘတ်တထောင်တန် ငွေစက္ကူအမြောက်အမြားကို တွေ့ရှိခဲ့ပါတယ်။ ပထမဂျပ်ဖာထဲမှာ တထုပ်ကို ဘတ်တသန်းပါ ငွေထုပ် ၁၇ ထုပ် (ဘတ် ၁၇,၀၀၀,၀၀၀) နဲ့ ဒုတိယဂျပ်ဖာထဲကနေ တထုပ်ကို ဘတ်ငွေ တသန်းပါ ငွေထုပ် ၆ ထုပ်နဲ့ တထောင်တန် ၂၃ ရွက် (၆,၀၂၃,၀၀၀ ဘတ်) စုစုပေါင်း ၂၃,၀၂၃,၀၀၀ (၂၃ သန်းကျော်) ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မယ်ဆိုင် အကောက်ခွန်ဦးစီးဌာနက အဆိုပါမြန်မာလူရွယ်ကို ထိုင်းငွေကြေးတွေ တရားမဝင် မှောင်ခိုတင်ပို့ဖို့ ကြိုးပမ်းမှုဆိုင်ရာ ဥပဒေနဲ့ရော ငွေကြေးလဲလှယ်မှု ထိန်းချုပ်ရေး အက်ဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ငွေကြေးထိန်းချုပ်ရေးဥပဒေအရ ထိုင်းငွေတွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေဆီ နယ်စပ်လမ်းကြောင်းကနေ သယ်ဆောင်ပါက တကြိမ်ကို ဘတ် ၂,၀၀၀,၀၀၀ (နှစ်သန်း) ထက် ပိုပြီး သယ်ဆောင်ခွင့် မရှိပါဘူး။ ဒါ့အပြင် မိမိသယ်ဆောင်မဲ့ငွေဟာ အနည်းဆုံး ဘတ် ၄၅၀,၀၀၀ ကနေ အများဆုံး ဘတ် ၂,၀၀၀,၀၀၀ (နှစ်သန်း) ထိ ရှိပါက ထိုင်းအမျိုးသားစီးပွားရေးဘဏ်နဲ့ အကောက်ခွန်ရုံးမှာ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။
Source: Maesaipress / ချင်းရိုင်းဒေသတွင်း သတင်း










