ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဝေဖန်လေ့ရှိတဲ့ ရုရှားအနုပညာရှင်တယောက် ပိုလန်နိုင်ငံအရှေ့ပိုင်း ဘီယာလာ ပိုဒ်လက်စကာမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ပိုလန်အစိုးရရှေ့နေက ဇွန် ၁၆ ရက်မှာ ပြောပါတယ်။
သေဆုံးသူဟာ ခေါင်းကို တချက် အပါအဝင် သေနတ်နဲ့ ၅ ချက် အပစ်ခံခဲ့ရတာဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်လို့ ဘယ်လာရုစ်နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ အမှုတော့ တရားဝင် မစွဲရသေးဘူးလို့ လူဗလင်ခရိုင် အစိုးရရှေ့နေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဆင် ကိုးဇက်ခ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တနင်္လာနေ့က အသတ်ခံရသူဟာ ရုရှားခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်လို့ လူသိများတဲ့ ရုရှားအနုပညာရှင်နဲ့ ဖျော်ဖြေရေးသမား ရောဘတ် ကူဇော့ဗ်ကော့ဗ် (အနုပညာအမည် - စီမြွန် စကရက်ပက်စကီး) ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။
အစိုးရရှေ့နေဘက်ကတော့ သေဆုံးသူကို ရောဘတ် ကေ လို့ပဲ အမည်ဖော်ပြပြီး သူဟာ ရုရှားအစိုးရရဲ့ လုပ်ရပ်တွေကို ဝေဖန်တဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်နေသူဖြစ်တယ် ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။
သူဟာ မသေဆုံးခင် သုံးရက်အလို ဇွန် ၁၂ ရက် ရုရှားနေ့ အထိမ်းအမှတ်တုန်းက ဂျာမနီနိုင်ငံ ဘာလင်မြို့ကိုသွားပြီး ဂျိုးဇက် စတာလင်နဲ့ ပူတင်တို့ကို ကာတွန်းလှောင်ပြောင်ထားတဲ့ ပုံတူတခုနဲ့ ဆန္ဒပြခဲ့သေးတယ်လို့ မီဒူဇာသတင်းဌာနက ဖော်ပြပါတယ်။
သေဆုံးသူရဲ့ အနုပညာရှင် ကိုယ်ရေးအချက်အလက်ဟာ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အဓိကသော့ချက် ဖြစ်လိမ့်မယ်လို့ အစိုးရရှေ့နေ ကိုးဇက်ခ်က ဖုန်းကတဆင့် ပြောပါတယ်။
ယူကရိန်းကို စစ်ရေးနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ရာမှာ ပိုလန်က အဓိကဗဟိုချက် ဖြစ်နေလို့ ရုရှားသူလျှိုတွေရဲ့ ပစ်မှတ်ဖြစ်လာနေပြီး သူတို့က သတင်းအချက်အလက် စုဆောင်းတာအပြင် ဖျက်ဆီးရေးလုပ်ငန်းတွေပါ လုပ်ဖို့ ကြိုးစားနေတယ်လို့ ပိုလန်ဘက်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဝါဆောမြို့မှာရှိတဲ့ ရုရှားသံရုံးကိုတော့ လတ်တလော ဆက်သွယ်လို့ မရသေးပါဘူး။
ပိုလန် အထူးကုမ္ပဏီအဖွဲ့ကြီးရဲ့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယာဆက်ခ် ဒေါ့ဘ်ဇင်စကီး ကတော့ ပြည်တွင်းလုံခြုံရေးအေဂျင်စီဟာ ရဲတပ်ဖွဲ့၊ အစိုးရရှေ့နေတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Source: Reuters










