
လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် ကျန်ရှိနေတဲ့ အပစ်ရပ် ကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောအားလုံး လွတ်လပ်စွာ ဖြတ်သန်း နိုင်အောင် “အပြည့်အဝ ဖွင့်ပေးလိုက်ပြီ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီက ဧပြီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
“အပစ်ရပ်ကာလ ၁၀ ရက်အတွင်း ကုန်သွယ်ရေးသင်္ဘောတွေ အားလုံး ဖြတ်သန်းနိုင်တယ်” လို့ လည်း သူက X လူမှုကွန်ရက်မှာ တိုက်ရိုက်ရေးသားထားတာပါ။
ဒါပေမဲ့ သင်္ဘောတွေဟာ အီရန်ဘက်က သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကပဲ သွားရမယ်၊ စစ်သင်္ဘောတွေတော့ ဖြတ်သန်းခွင့် မရှိဘူးလို့ အီရန်အဆင့်မြင့်အရာရှိ တယောက်ကလည်း ပြောပါတယ်။
ဧပြီ ၁၇ ရက်မှာ မရိန်းထရက်ဖှစ် စောင့်ကြည့်ဝက်ဘ်ဆိုက်ကို ကြည့်ရင် ရေလက်ကြားနဲ့ ပင်လယ်ကွေ့ ဝန်းကျင်မှာ သင်္ဘောတွေ ပြန်လည် လှုပ်ရှားနေပြီဆိုတာကို တွေ့ရပါတယ်။
ဒီကြေညာချက် ထွက်လာပြီးနောက် ရေနံဈေးတွေ ၁၀ ရာခိုင်နှုန်းကျော် လျော့ကျသွားပြီး ကမ္ဘာ့စတော့ရှယ်ယာဈေးတွေတော့ တက်လာတာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ သင်္ဘောလိုင်းကြီးတွေဘက်ကတော့ သတိထားနေကြဆဲပါပဲ။ “အခြေအနေကို နောက်ထပ် စောင့်ကြည့်ရဦးမယ်၊ ရေအောက်မိုင်းအန္တရာယ်တွေ ရှိမရှိလည်း သေချာမသိသေးဘူး” လို့ ဂျာမနီက သင်္ဘောလိုင်းကြီး တခုဖြစ်တဲ့ ဟာပဂ်-လွိုဒ်ဘက်က ပြောထားပြီး နော်ဝေ သင်္ဘောပိုင်ရှင်များ အသင်းကလည်း သဘောတူထားပါတယ်။
တဖက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က “ရေလက်ကြားကို ဖွင့်ပေးထားပေမဲ့ အီရန်နဲ့ သဘောတူညီချက် အပြည့်အဝ မပြီးမချင်း ရေကြောင်းပိတ်ဆို့မှုတွေ ဆက်ရှိနေမယ်” လို့ ပြောထားပါတယ်။
အထူးသဖြင့် အီရန်ဆိပ်ကမ်းတွေကို သွားမဲ့ သင်္ဘောတွေကို အမေရိကန် စစ်တပ်က ဆက်လက် ထိန်းချုပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး အမေရိကန်နဲ့ အစ္စရေးဘက်က အီရန်ကို တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ကြောင့် လူထောင်ချီ သေဆုံးခဲ့ရပြီး ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ထား ရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။
ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းရာ အရေးကြီးတဲ့ နေရာဖြစ်တာကြောင့် ပိတ်ထားတဲ့အချိန်မှာ ကမ္ဘာတဝန်း ရေနံဈေး တက်မလားဆိုပြီး စိုးရိမ်မှုတွေ ကြီးထွားခဲ့တာပါ။
အခုတော့ အပစ်ရပ်ကာလအတွင်း ပြန်ဖွင့်လိုက်တဲ့အတွက် စီးပွားရေးဘက်မှာ အနည်းငယ် ပြန်လည် သက်သာလာမယ်လို့ မျှော်လင့်ထားပေမဲ့ လုံခြုံရေးအခြေအနေတွေကတော့ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်နေကြပါတယ်။
Source:Reuters










