DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လူကုန်ကူးမှုဥပဒေဖြင့် ဖမ်းဆီးခံရသူအများစု မိသားစုနှင့် အဆက်သွယ်မရ
DVB
·
October 31, 2026
Photo : အာရက္ခမှုခင်းသတင်း ဆက်စပ်ထုတ်ပြန်ရေးအဖွဲ့
Photo : အာရက္ခမှုခင်းသတင်း ဆက်စပ်ထုတ်ပြန်ရေးအဖွဲ့
Donate to DVB

 

DVB

ရခိုင်မှာ အာရက္ခတပ်တော်(AA)က လူကုန်ကူးမှုဥပဒေနဲ့ ဖမ်းဆီးထားသူ အများစုဟာ မိသားစုဝင် တွေနဲ့ အဆက်သွယ်မရတာများတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်က AA ထိန်းချုပ်ဒေသတွေမှာ ဒေသတွင်းကနေ ပြည်မနဲ့ ပြည်ပကို တရားမဝင် ပို့ဆောင် ပေးသူတွေကို လူကုန်ကူးမှုဥပဒေနဲ့ အရေးယူမယ်လို့ AA က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှာ ထုတ်ပြန် ကြေညာခဲ့ပြီး ပြစ်ဒဏ်ကို ၁၀ နှစ်ကနေ တသက်တကျွန်း အထိ သတ်မှတ်ထားပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း AA က တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေသလို လူကုန်ကူးမှုနဲ့ဖမ်းဆီး ခံရသူတွေဟာ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရကြဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလက မြောက်ဦး မြို့နယ်မှာ လူကုန်ကူးမှုနဲ့ဖမ်းဆီးခံရသူ အမျိုးသမီးတယောက်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ဖမ်းခံရပြီးကတည်းက ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ အဆက်သွယ်မရဘူး။ မိသားစု တွေက အရမ်းစိတ်ပူနေကြတယ်။ တွေ့ခွင့်တောင်းရင်လည်း တွေ့ခွင်မပေးဘူး။ တွေ့ခွင့်ရဖို့တော့ တတ်နိုင်သလောက်ကြိုးစားနေကြပါတယ်” 

ရခိုင်ဒေသတွင်းကလူတွေကို ပြည်ပနဲ့ ပြည်မကိုပို့ဆောင်ပေး‌နေသူတွေကို လူကုန်ကူးမှုဥပဒေနဲ့ အရေးယူမယ်လို့ မထုတ်ပြန်ခင်ကတည်းက AA က ဖမ်းဆီးနေခဲ့တာပါ။

ရမ်းဗြဲမြို့နယ်က ဦးဇော်ဇော်မိုးကတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက လူကုန်ကူးမှုဥပဒေနဲ့ ဖမ်းဆီး ခံခဲ့ရပြီး ဖမ်းဆီးခံထားရစဉ်အတွင်း မိသားစုဝင်တွေနဲ့ တစုံတရာ အဆက်သွယ်မရဘဲ ဖမ်းဆီးခံရပြီး ၆ လအကြာ ဩဂုတ်လထဲမှာ သေဆုံးသွားပြီဖြစ်ကြောင်း သက်ဆိုင်ရာ ULA တပ်ဖွဲ့ဝင်တွေက အကြောင်းကြားလာတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ဦး‌ဇော်ဇော်မိုးရဲ့ မိသားစုဝင်တယောက်က “ကျနော်တို့က ဥပဒေထုတ်ထားရင် ဥပဒေအတိုင်းပဲ လုပ်စေချင်တာပါ။ လူကုန်ကူးမှုနဲ့ဖမ်းတယ် ဆိုရင် သူ့ဥပဒေအတိုင်းပဲ စီရင်ပါ၊ ကျနော်တို့ လက်ခံတယ်။ ခုလိုလုပ်ပုံကတော့ မိသားစုက အရမ်းခံရခက်ပါတယ်” လို့ ပြောပါတယ်။

လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြေပုံမြိုနယ်၊ ငပသုံကျေးရွာက ဒေသခံ တယောက် ဟာလည်း ဖမ်းဆီးခံရပြီးအဆက်သွယ်မရတာ ၂ လလောက်ကြာပြီလို့ နီးစပ်သူတွေကပြောပါတယ်။

ရခိုင်မှာ ဒေသတွင်းအလုပ်ကိုင်ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါမှုနဲ့ စစ်ဘေးအခြေအနေတွေကြောင့် ဒေသတွင်းနေထိုင်သူတွေဟာ ပြည်မနဲ့ ပြည်ပကိုထွက်ခွာဖို့ ပိုမိုကြိုးပမ်းလာကြပြီး ခုလို ထွက်ခွာသူ တွေကို စစ်တပ်အပါအဝင် AA နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသလို လမ်းကြောင်း ချပြီး ပွဲစားအဖြစ်လူပို့ဆောင်ပေးသူတွေကိုလည်း AA က လူကုန်ကူးမှုဥပဒေနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013