
ကင်ညာနိုင်ငံမြို့တော် နာရိုဘီမှာ အောက်တိုဘာ ၂၃ ရက်က ဆောက်လုပ်ဆဲ ၁၂ ထပ်တိုက်တလုံး ပြိုကျသွားခဲ့တာကြောင့် အပျက်အစီးများအောက်မှာ လူအများအပြား ပိတ်မိနေနိုင်ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက တူးဖော်ရှာဖွေနေပါတယ်။
အိစ်လီရပ်ကွက်မှာရှိတဲ့ အဲဒီအဆောက်အအုံရဲ့ မြေညီထပ်မှာ လူတွေ နေထိုင်နေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စက်ယန္တရားကြီးတွေက အပျက်အစီးတွေကို စတင်တူးဖော် ရှင်းလင်း နေကြတာ ဖြစ်ပါတယ်။
အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ စာရင်းနဲ့ ပတ်သက်ပြီး နိုင်ရိုဘီဒေသ ရဲမှူးချုပ် အစ်ဆာမိုဟာမုဒ်က "လက်ရှိအချိန်အထိ သတင်းရရှိထားတာက အသက်ကြီးပိုင်း အမျိုးသမီး တယောက်တည်းကိုသာ အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ကယ်ဆယ်ရေးတွေ လုပ်ဆောင်တာနဲ့အမျှ အချက်အလက်သစ်တွေကို ထပ်မံ ထုတ်ပြန်ပေးသွားမှာမို့ ထိခိုက်သေဆုံးမှု စာရင်းနဲ့ ပတ်သက်ပြီး ကောလာဟလတွေ မဖြန့်ကြဖို့ တိုက်တွန်းပါတယ်" လို့ပြောပါတယ်။
ဒါပေမဲ့ အခင်းဖြစ်နေရာက ဒေသခံတွေကတော့ တိုက်ပြိုကျပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ အစိုးရဘက်က အကူအညီ မရရှိခဲ့ဘဲ ဒေသခံ လူငယ်တွေ ကိုယ်တိုင်သာ ကယ်ဆယ်ရေးလုပ်ငန်း တွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတယ်လို့ မကျေမနပ် ဖြစ်နေကြပါတယ်။
မျက်မြင်သက်သေ အဘ်ဒူဖာတာဟူစိန်က "အခုအချိန်အထိ အစိုးရဘက်က ဘာအကူအညီမှ မရသေးဘဲ မိန်းမတွေနဲ့ ကလေးတွေ ပိတ်မိနေတုန်းပါ။ ၄ နာရီကျော်တဲ့အထိ အကူအညီ မရဘဲ ရဲတွေက ကျနော်တို့ကို လိုက်မောင်းထုတ်တာပဲ ရှိတယ်။ ဒီမှာရှိတဲ့ လူငယ်တွေကပဲ ဝင်လုပ်ပေး နေရတာပါ။ လွှတ်တော်အမတ် ရောက်လာတာလည်း ဟန်ပြလာပြရုံပါပဲ"လို့ ပြောပါတယ်။
အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းနဲ့ ပြိုကျချိန်မှာ စုစုပေါင်း လူဘယ်လောက်ရှိနေလဲ ဆိုတာကိုတော့ အာဏာပိုင်တွေဘက်က အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Source: Reuters











