
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်ထဲက ဖဲဝိုင်းကို ဇွန် ၅ ရက် ညနေပိုင်း မှာ ရဲက ဝင်ဖမ်းပြီး စုစုပေါင်း ၁၅ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
အဲဒီအိမ်မှာ ဖဲဝိုင်းလုပ်နေတာ ကြာပြီဖြစ်သလို လူဝင်လူထွက်လည်းများတာကြောင့် ရပ်ကွက် နေသူတွေက သတင်းပေးတိုင်ကြားထားတာရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ညဘက်တွေဆို လူစည်နေတတ်တယ်။ ဆူညံသံတွေလည်း မကြာခဏ ကြားရတော့ ရပ်ကွက်ကလူတွေ အနှောက်အယှက်ဖြစ်လို့ သတင်းပေးထားကြတာ။ အခုလို ဖမ်းသွားတော့ ရပ်ကွက်အတွက်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။
ဖဲဝိုင်းကနေ ကစားနေသူ ၁၀ ယောက်၊ ရပ်ကြည့်နေသူ ၅ ယောက်ကို ဖမ်းဆီးသွားပြီး သူတို့ကို လက်ရှိ တောင်ကြီးနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး လောင်းကစားမှုနဲ့ သက်ဆိုင်တဲ့ ဥပဒေ ပုဒ်မတွေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ကလည်း အေးသာယာမြို့၊ ရပ်ကွက် ၇ ထဲမှာ ဖဲကစားနေသူ ၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတယောက်လည်း ပါပါတယ်။










