
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စက်တင်ဘာ ၂၀ ရက်က တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းခွဲသားတွေ ဖမ်းမိခဲ့တယ်လို့ မြို့နယ်သစ်တောရုံးက ပြောပါတယ်။
သထုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ယာဉ်တွေကို စစ်ဆေးဆောင်ရွက်နေချိန် ပဲခူးကနေ ကရင်ပြည်နယ်ဘက်ကို ယာဉ်မောင်း အောင်ကျော်မိုး မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၅၀ ချောင်း၊ ၄ ဒသမ ၄၆၀၂ တန်၊ (တန်ဖိုး ၅၃ သိန်းကျပ်) ကျော်ကို တွေ့ရှိပြီး ဖမ်းဆီး သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးနိုင်က “ပဲခူးဘက်က လာပြီး ကရင်ပြည်နယ်ကနေတဆင့် တဖက်နိုင်ငံကို ပို့မယ့်သစ်တွေပါ။ ကျနော်တို့ဘက်ကနေတော့ တရားမဝင် သယ်ဆောင်လာတဲ့ သစ်တွေ ဖြတ်သန်းမသွားနိုင်ဖို့ ဂိတ်ဖွင့်ပြီး စစ်ဆေးနေတာတွေ ရှိပါတယ်”လို့ ပြောပါတယ်။
သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးစိုးနိုင်က တရားလိုပြုလုပ်ပြီး တိုင်တန်းလို့ သထုံမြို့မရဲစခန်းက အောင်ကျော်မိုးကို သစ်တောဥပဒေပုဒ်မ ၄၃(က) နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး











