
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်းက စစ်ရှောင်ပြည်သူတွေကို စစ်အာဏာရှင်တပ်က ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ခွင့် မပြုတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်ကစပြီး ကော့ကရိတ်မြို့ပေါ်က စစ်ရှောင်ပြည်သူတွေကို ပြန်လည် ဝင်ရောက် နေထိုင်ဖို့နဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ မက်လုံးပေး ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ ကော့ကရိတ်မြို့နယ်တွင်းက ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိ၊ လောင်ကိုင်၊ ကြာအင်း စတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံ တွေကို စစ်တပ်က ပြန်လည်ဝင်ရောက်နေထိုင်ခွင့် မပြုဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေ က ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ဟုတ်တယ်။ ရွာက လုံးဝ ဝင်လို့မရဘူး။ အဲဒီရွာထဲ မှာ စစ်တပ်တွေ ထိုင်နေတယ်။ (စစ်ရှောင်တွေ) သူများရွာမှာ သွားနေ နေရတာ။ ကျန်တဲ့ ရွာတွေမှာ လည်း အခြေအနေ မကောင်းသေးဘူး။ ရွာတွေမှာလည်း အပြင်ကအဖွဲ့တွေရှိတယ်။ KNU အဖွဲ့တို့၊ လက်သုံးချောင်းအဖွဲ့တို့ မလှမ်းမကမ်းမှာတွေ ရှိနေတယ်။ တိုက်ပွဲဖြစ်မှာကြောက်လို့ မကြာမကြာ လက်နက်ကြီးနဲ့ ပစ်,ပစ်ထည့်နေတယ်။ စစ်ရှောင်တွေ မိုးတွင်းကာလ နေထိုင်စားသောက်ရေး ဒုက္ခရောက်ကြတယ်။ တချို့ အသက်အများကြီး ကြီးတဲ့ အဘိုးကြီး အဘွားကြီးတွေ ရှိတယ်။ သူများပေးကမ်းမှ သူတို့ စားရတယ်။ အလှူရှင်ကို မျှော်ပြီး စားနေရတယ်” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လကစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်အနီးက ကျေးရွာတွေမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြာင့် မြို့လုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံတွေဟာ မြဝတီ၊ ဘားအံ၊ သာမညနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
စစ်ရှောင်တယောက်က “အမိုးတို့က ပြန်နေချင်တယ်။ အမိုးတို့ ပြန်နေချင်ပေမဲ့လည်း သူတို့က မပေးနေသေးဘူး။ စပါးကျီ ပြန်မိုးဖို့တောင် အထက်ကအမိန့်မရလို့ မပေးဝင်ဘူး။ အဲမှာ သွားသွားလာလာ လုပ်တာလည်း တခါတလေ ဝင်ထွက်သွားလာတာတောင် အခက်အခဲတွေ တပုံကြီး။ တခါတလေ လူကြီးခရီးစဉ်ရှိလို့ မသွားရဘူး။ သူများရွာမှာ အခက်အခဲတွေ တပုံကြီး။ နောက်ပြီးတော့ စစ်ဘေးရှောင်ကလည်း သူများလာပေးတာ အရင်လိုမှ မဟုတ်ဘဲ။ သူတို့ကို အားကိုးပြီးတော့လည်း အမိုးတို့က ရပ်တည်လို့ မရဘူးလေ။ အမိုးတို့ ရွာပြန်တာက ဖက်(အိမ်မိုးဖက်) တွေ ပြန်ရောင်းတော့ နည်းနည်းအဆင်ပြေတာပေါ့” လို့ ပြောပါတယ်။
ဧပြီ ၅ ရက်က ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့နဲ့ နေအိမ် ပျက်စီးဆုံးရှုံးထားသူတွေကို အိမ်ဆောက်ပစ္စည်းတွေ ပေးမယ်လို့ မက်လုံးပေး ခေါ်ယူခဲ့ပေမဲ့ တကယ်လက်တွေ့မှာ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့မဲ့ အိမ်ဆောက်ပစ္စည်း ဘာမှ မရသေးဘူး လို့ သိရပါတယ်။
လက်ရှိမှာလည်း မီးလောင်ထားတဲ့ခြံတွေ၊ အိမ်တွေကို ပြန်ရှင်းလင်းဖို့နဲ့ မရှင်းလင်းတဲ့ ခြံတွေကို သက်ဆိုင်ရာက ရှင်းလင်းပြီးပါက မြေပြန်လည်တိုင်းပေးမယ်လို့ ပြောဆိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတွေက ပြောပါတယ်။











