DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ကိုဗစ်ကူးစက်မှုပြန်မြင့်တက်သော်လည်း ရောဂါပြင်းထန်မှုမရှိဟု ထုတ်ပြန်
DVB
·
September 2, 2026
Photo: MOPH-DDC
Photo: MOPH-DDC
Donate to DVB

ထိုင်းနိုင်ငံမှာ မိုးရာသီကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ပြန်လည် မြင့်တက် လာပေမဲ့ ရောဂါပြင်းထန်မှု အခြေအနေ မရှိဘဲ သေဆုံးနှုန်းမှာ ၀ ဒသမ ၀၂ ရာခိုင်နှုန်းအထိ ကျဆင်း သွားကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ကို ကိုးကားပြီး The Nation သတင်းမှာ ဖော်ပြပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ရောဂါကူးစက်ခံရသူ ၉၉,၆၉၁ ယောက်ရှိပြီး လူဦးရေ ၁ သိန်းလျှင် ၁၅၁ ဒသမ ၃၄ ယောက်နှုန်း ကူးစက်ခံရတာဖြစ်ကြောင်းနဲ့ အဆိုပါ ကာလ အတွင်း သေဆုံးသူ ၁၅ ယောက် ရှိခဲ့တယ်လို့ DDC ဌာနက စက်တင်ဘာ ၁ ရက် သတင်းစာ ရှင်းလင်းပွဲမှာ  ပြောပါတယ်။

အခုနှစ် ကူးစက်မှု စုစုပေါင်း ပမာဏကတော့ လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း စံချိန်တင်ခဲ့တဲ့ နှစ်စဉ် ကိန်းဂဏန်းတွေထက် သိသိသာသာ လျော့နည်းနေဆဲလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ်တုန်းက ရောဂါ ကူးစက်သူ ၆၁၈,၇၉၃ ယောက်၊ သေဆုံးသူ ၈၅၂ ယောက်၊ သေဆုံးနှုန်း ၀ ဒသမ ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကူးစက်သူ ၇၇၇,၇၃၀ ယောက်၊ သေဆုံးသူ ၂၁၉ ယောက်နဲ့  သေဆုံးနှုန်း ၀ ဒသမ ၀၃ ရာခိုင်နှုန်းရှိခဲ့ကာ   ၂၀၂၅ ခုနှစ်မှာတော့ ကူးစက်သူ ၆၁၄,၆၀၁ ယောက်၊ သေဆုံးသူ ၂၇၄ ယောက်၊ သေဆုံးနှုန်း ၀ ဒသမ ၀၄ ရာခိုင်နှုန်း ရှိခဲ့တာ ဖြစ်ပါတယ်။

DDC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင် ဝေါင်းဆာဝပ်က ထိုင်းနိုင်ငံဟာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေ ပိုမိုအဖြစ်များတဲ့ မိုးရာသီ ရောက်လာတာနဲ့အမျှ ကူးစက်မှုတွေ ဆက်လက်မြင့်တက်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

"ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုးလာနေပေမဲ့ စုစုပေါင်း အရေအတွက်က လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကထက် ပိုနည်းနေပါသေးတယ်။ ရောဂါပြင်းထန်မှုလည်း ပိုမိုမလာဘဲ လျော့ကျသွားတာကို သေဆုံးနှုန်း ၀ ဒသမ ၀၂ ရာခိုင်နှုန်း ဖြစ်နေတာက သက်သေပြနေပါတယ်။" 

ဘန်ကောက်မြို့မာ လူဦးရေ ၁ သိန်းလျှင် ၆၄၃ ဒသမ ၆၅ ယောက်နှုန်းနဲ့ နိုင်ငံအတွင်း ကိုဗစ် ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့ပြီး ချွန်ဘူရီမှာ ၅၃၀ ဒသမ ၅၂ ယောက်နှုန်း၊  ဖူးခက်မှာ ၅၁၄ ဒသမ ၈၅ ယောက်နှုန်းနဲ့ အသီးသီး အစဉ်လိုက် ရှိခဲ့ပါတယ်။

ကူးစက်မှုနှုန်း အမြင့်ဆုံး တခြားခရိုင်တွေထဲမှာ လမ်းဖုန်း၊ နွန်ထဘူရီ၊ နခွန်ပထုံ၊ ရယောင်း၊ ဆာရာဘူရီ၊ ချင်းမိုင်နဲ့ အန့်သောင်ခရိုင်တွေလည်းပါဝင်ပါတယ်။

ရောဂါကူးစက်မှုကို အသက်အရွယ် အုပ်စုအားလုံးမှာတွေ့ရပေမဲ့ အသက် ၁ နှစ်အောက် ကလေးငယ် တွေမှာတော့ လူဦးရေ ၁ သိန်းလျှင် ၆၈၆ ဒသမ ၃၃ ယောက်နှုန်းနဲ့ ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့ ပါတယ်။

ဒီနောက် အသက် ၁ နှစ်မှ ၄ နှစ်အောက် ကလေးငယ်တွေ၊ အသက် ၃၀ မှ ၃၉ နှစ်ကြား လူလတ်ပိုင်း တွေနဲ့ အသက် ၂၀ မှ ၂၉ နှစ်ကြား လူငယ်တွေ အစဉ်လိုက် ပါဝင်ပါတယ်။

အခုလိုကူးစက်မှု ပုံစံဟာ အိမ်ထောင်စုအတွင်း ကူးစက်တာကို ထင်ဟပ်နေကြောင်း၊ မိဘအုပ်ထိန်းသူတွေဟာ ပြင်ပလူတွေကနေ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပေါ့ပါးတဲ့ လက္ခဏာတွေပဲ ပြသနိုင်ပေမဲ့ ကျောင်းတက်နေတဲ့သူတွေကလည်း အိမ်ကို ရောဂါပိုး သယ်ဆောင်လာနိုင်တယ်လို့ ဒေါက်တာ ဂျူရိုင်က ပြောပါတယ်။

ဒါကြောင့် အပြင်ထွက်ခဲတဲ့ မွေးကင်းစနဲ့ ကလေးငယ်တွေလည်း မိသားစုဝင်တွေကနေ တဆင့် ရောဂါ ကူးစက်ခံရနိုင်ခြေတယ်လို့ သတိပေးထားပါတယ်။

သေဆုံးသူ ၁၅ ယောက်အနက် ၁၄ ယောက်ဟာ အသက် ၆၀ ကျော်တွေဖြစ်ပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်း အဆီဓာတ်တာ၊ နာတာရှည် ကျောက်ကပ်ပျက်စီးတာ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ကင်ဆာရောဂါအခံ ရှိသူတွေ ပါဝင်နေပါတယ်။

Source: The Nation 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013