
ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်မနေ့ကစပြီး ဒီနေ့မနက်ထိ ဘန်ကောက် အပါအဝင် ခရိုင်ပေါင်း ၂၀ မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းဒေသမှာ ဆက်လက် မိုးကြီးရေလျှံ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မနေ့မနက်ကနေ ဒီကနေ့မနက်ပိုင်းထိ ထိုင်းနိုင်ငံ ဘန်ကောက် အပါအဝင် ဗိစနုလုတ်၊ ဥထိုင်းဌာနီ၊ နခွန်းဆဝမ်၊ ပရာကျင်းပူရီ၊ နခွန်းနာယုဒ်၊ ချာ့ချိန်းဆောင်း၊ ချွန်းပူးရီး၊ လုပ်ဘူရီ၊ ဆုဖန်းဘူရီ၊ အန်ထောင်း၊ ပထုန်ဌာနီ၊ အယုဒ္ဓယ၊ စမွတ်ပရကန်၊ နခွန်းပထုန်၊ ရာ့ချ်ပူရီ၊ တရန်၊ ဆဒွန်း၊ နခွန်းဆီထမရတ်၊ ဖူးခက် စတဲ့ ခရိုင်တွေထဲမှာ ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး ဦးစီးဌာန DDPM က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီမနက် ၆ နာရီထိ ကောက်ခံရရှိတဲ့ စာရင်းတွေအရ အထက်ပါ ခရိုင်ပေါင်း ၂၀ ရှိ ၆၄ မြို့နယ်၊ ၃၉၃ အုပ်စု၊ ရပ်ကျေးပေါင်း ၂,၇၇၀၊ အိမ်ထောင်စုပေါင်း ၃၃၆,၄၇၂ စုက လူပေါင်း ၁,၀၀၈,၉၈၂ (တသန်းကျော်) ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဖူးခက်ခရိုင်မှာဆိုရင် ဖူးခက်၊ ကရထုနဲ့ ထလန် မြို့နယ် ၃ ခုမှာ ရုတ်တရက် ရေကြီးရေလျှံခဲ့တယ်၊ မနေ့ ညသန်းခေါင်ချိန်မှာ တောင်ကျချောင်းရေတွေ ကျလာပြီး ရေစီးသန်တာကြောင့် အိမ်ရှေ့မှာ ရပ်ထားတဲ့ကားတွေ ရေထဲနစ်သွားပြီး ဆိုင်ကယ်တွေတော့ ရေနဲ့အတူ မျောပါသွားပါတယ်။
အိမ်ထဲက ရေခဲသေတ္တာ အပါအဝင် အိမ်ထောင်ပရိဘောဂတွေ ရေထဲ မျောပါသွားတယ်၊ ဆဲဗင်းအီလဲဗဲင်း ကုန်စုံဆိုင်တခုမှာ ပစ္စည်းတွေ သိမ်းချိန်မရဘဲ ရောင်းကုန်ပစ္စည်းတွေ ရေထဲ မျောသွားတယ်၊ ဖူးခက်ခရိုင် တာဝန်ရှိသူတွေထံက ရေဘေးသတိပေးချက်နဲ့ ကြိုတင်ပြင်ဆင်ဖို့ အချက်တွေကိုတော့ မနက် ၂ နာရီကျော်မှ လက်ခံရရှိကြတာကြောင့် ဝေဘန်မှုတွေလည်း မြင့်တက်နေပါတယ်။
မနက်မိုးလင်းတော့ ရေတွေ ပြန်ကျသွားခဲ့တယ်၊ ဒါပေမဲ့ ရွှံ့နွံတွေ၊ အမှိုက်သရိုက်တွေ၊ ကျောက်တုံးတွေ၊ ပစ္စည်းပစ္စယတွေ သောင်တင်ပိတ်ဆို့နေတာကြောင့် အကြီးစား သန့်ရှင်းရေးတွေ ပြန်လုပ်နေရတယ်လို့ ဖူးခက်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမိုးဇလဌာနရဲ့ ဒီကနေ့ မနက် ၅ နာရီ ထုတ်ပြန်ချက်အရ ထိုင်းတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး မုတ်သုံလေတိုက်ခတ်မှုတွေ ရှိနေတာမို့ အောက်တိုဘာ ၂၆ မှ ၂၇ နေ့ရက်အတွင်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ တရန်းနဲ့ ဆဒွန်း စတဲ့ ၆ ခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်မယ်၊ ဒါကြောင့် ရုတ်တရက် ရေကြီးခြင်း၊ တောင်ကျချောင်းရေနဲ့ အနိမ့်ပိုင်းဒေသ ရေဝပ်ကာ ရေကြီးမဲ့အခြေအနေတွေ သတိထားဖို့ ထုတ်ပြန်ထားပါတယ်။
ပင်လယ်နားနီးပြည်သူတွေအနေနဲ့ မိုးသက်မုန်တိုင်း ကျရောက်နိုင်မဲ့ ဒေသမှာ လှေတွေမထွက်ဖို့ လှိုင်းအမြင့် ၂ မီတာအထက် မြင့်တက်နိုင်တယ်လို့ သတိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်အတွင်း မိုးသည်းထန်နိုင်တဲ့ တခြားဒေသတွေမှာ ထိုင်းမြောက်ပိုင်း တာ့ခ်နဲ့ ကမ်ဖိုင်ဖစ်ခရိုင်၊ ထိုင်းအရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ချာ့ချိန်းဆောင်း၊ ချွန်းပူးရီး၊ လယောင်းနဲ့ ကျန်ထပူရီတို့ ဖြစ်တယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ပါတယ်။
Source: DDPM / Phuket News / TNN Earth / One News / tmd.co.th











