
မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဟာ မြင့်တက်နေပြီး မြို့တချို့မှာတော့ အင်မတန် အန္တရာယ်များတဲ့ အဆင့်မှာရှိနေတယ်လို့ MMWeather မှာ ဖော်ပြထာပြီး ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာလည်း မြန်မာကမြို့တွေက အများစု ဖြစ်နေပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင် ဦးစီးပြီး မြန်မာ့မိုးလေဝသအခြေအနေတွေကို ဖော်ပြပေးနေတဲ့ MMWeather ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ တာမွေ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ကျုံဒိုး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း၊ တနင်္သာရီ စတဲ့ မြို့တွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ အင်မတန်မြင့်တယ်ဆိုတာထက် ပိုများတဲ့ ၁၁ နဲ့ အထက်မှာ ရှိနေပါတယ်။
တခြားမြို့ တော်တော်များများဟာလည်း အင်မတန်မြင့်တဲ့အဆင့် ၁၀ မှာ ရှိနေတယ်လို့ ဖော်ပြထားပြီး ကမ္ဘာ့မိုးလေဝသကို ဖော်ပြပေးနေတဲ့ Windy ဝက်ဘ်ဆိုက်မှာတော့ တနိုင်ငံလုံးနီးပါးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အင်မတန်မြင့်နေတယ်လို့ ဖော်ပြထားပါတယ်။
မနက် ၁၁ နာရီနဲ့ မွန်းလွဲ ၁ နာရီကြားမှာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဖြစ်ပြီး နေရောင်ပြင်းချိန်ကို ရှောင်ဖို့၊ အရိပ်ထဲမှာ နေဖို့၊ အကာအကွယ်ဖြစ်မဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့၊ SPF 15+ ပါတဲ့ Sunscreen ကို ၂ နာရီခြား တခါသုံးဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အညွှန်းကိန်း 11+ ရောက်နေတဲ့အချိန်မျိုးမှာ အပြင်ထွက်တာကို လုံးဝရှောင်ဖို့ အကြံပြုထားပါတယ်။
အကာအကွယ်မရှိဘဲ နေပူထဲထွက်ရင် နေလောင်တာ၊ မျက်စိထိခိုက်တာနဲ့ အရေပြားရောဂါတွေ ဖြစ်နိုင်သလို ကိုယ်ခံအားကိုလည်း ယာယီအားနည်းစေနိုင်တာပါ။
ဒါ့အပြင် ဧပြီ ၅ ရက် ဒီမနက် ၁၀ နာရီခွဲအချိန်က Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ စာရင်းမှာ ချောက်မြို့ဟာ အိုမန်နိုင်ငံ၊ ကာလ်ဟာတ်မြို့ပြီးရင် အပူချိန် ၄၂ ဒသမ ၈ နဲ့ ကမ္ဘာ့ဒုတိယအပူဆုံးမြို့ ဖြစ်နေပါတယ်။
အပူဆုံး ၁၀ မြို့ထဲမှာ မုံရွာ၊ မကွေး၊ ရွှေဘို၊ မင်းဘူး၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့ ပါဝင်ပြီး တောင်ငူနဲ့ မိတ္ထီလာမြို့တို့ကတော့ နံပါတ် ၁၄ နဲ့ ၁၅ နေရာမှာရှိပါတယ်။










