DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်များ ကော့ကရိတ်မြို့တွင်း ပြန်နေရန် ဖိအားပေး၊ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ
အောင်ခန့်
·
April 9, 2026
Photo: စစ်ရှောင်ကူညီပေးနေသူတဦး
Photo: စစ်ရှောင်ကူညီပေးနေသူတဦး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့နဲ့ နေအိမ် ပျက်စီးဆုံးရှုံးထားသူတွေကို သစ်၊ သွပ်၊ ဘိလပ်မြေ ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေး ခေါ်ယူနေတာကြောင့် ပြန်လည်ဝင်ရောက်လာသူတွေ စိုးရိမ်စိတ်နဲ့ နေထိုင်နေရပါတယ်။

၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ကော့ကရိတ်-မြဝတီ(အာရှ) လမ်းကို ဧပြီ ၂ ရက် မနက်မှာ စစ်ကောင်စီက ဖွင့်လှစ်ခဲ့ပြီးနောက် ဧပြီ ၅ ရက်က စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့နဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ မက်လုံးပေး ခေါ်ယူခဲ့ပါတယ်။

လက်ရှိမှာလည်း ကော့ကရိတ်မြို့ အနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ပြန်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ပြန်လည်ဝင်ရောက်နေထိုင်သူတယောက်က “စစ်ရှောင်တွေ ပြန်နေထိုင်ဖို့ အိမ်တွေပြန်ဆောက်ဖို့ ခေါ်နေတာ ဟုတ်တယ်။ သူတို့က နာမည်စာရင်းတောင်းတယ်။ သူတို့က သစ်တတန်နဲ့ သွပ် ၅ ချပ်၊ ဘိလပ်မြေ ၁၀ အိတ် ပေးမယ်လို့ ပြောတယ်။ ပေးမယ်လို့တော့ ပြောတာပဲ၊ မတွေ့ရသေးဘူး။ သစ်တတန် ပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အိမ်ခြေပေါင်း နည်းတာမှ မဟုတ်တာ။ အများကြီးပဲဟာ။ သူတို့က အခုခေါ်တာ မှတ်ပုံတင်လုပ်ပေးတယ်။ မွတ်စလင်ပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ သွေးနှော ဘာကော မလိုဘူး လုပ်ပေးတယ်။ စမတ်ကတ်တွေ လုပ်ပေးတယ်။ သူတို့ အဲလို စည်းရုံးပြီး အဲလိုခေါ်တယ်။ လောလောဆယ်တော့ အသံတော့ ကြားနေရတယ်။ မြို့ပြင်မှာ ဖြစ်နေကြတယ်။ နေတဲ့သူတော့ စိုးရိမ်စိတ်တော့ ရှိတယ်။ အခုက ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ လုံခြုံတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ အသံကြားတော့ လူတွေက လန့်နေကြတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ မြို့တွင်းနဲ့ မြို့ပြင်အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်ထန်းခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြာင့် မြို့လုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မြို့မိမြို့ဖတယောက်က “အခက်အခဲ အရမ်းကိုရှိပါတယ်။ ပြန်မလာပြန်ဘူးဆိုရင်လည်းပဲ စစ်ကောင်စီဘက်ကနေ ဒေသခံ စစ်ဘေးရှောင်တွေကို တနည်းနည်း တဖုံဖုံနဲ့ ဒုက္ခပေးမလား၊  ပြဿနာရှာမလား ဆိုတဲ့ စိုးရိမ်စိတ်လည်း ရှိပါတယ်။ ပြန်လာတဲ့အခါကျတော့လည်း အိမ်တလုံး  ပြန်လည်တည်ဆောက်ဖို့အတွက်က ဝင်ငွေရလမ်း မရှိတဲ့အပေါ်မှာ နည်းပါးတဲ့အပေါ်မှာ ကျနော်တို့ အိမ်တလုံးဖြစ်အောင် ဆောက်ဖို့ဆိုတာက ဒါက အဆင်မပြေတဲ့ အနေအထားမှာ ရှိတယ်။ ဒီအပြင် ကျနော်တို့ အိမ်ချည်းပဲ မဟုတ်ဘူး၊ ကျနော်တို့ဒေသကို ပြန်လာမယ်ဆိုရင် စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ပါသေးတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကော့ကရိတ်မြို့နဲ့ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်မှာ စစ်ကောင်စီက ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013