
ဟေတီနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတာကြောင့် လူပေါင်း ၃၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ပို့တ်အော်ပရင့်စ် မြေပြင်ရုံး အကြီးအကဲ ဂျန်ဗီယာမူဟီမာ က "ဒီလူတွေဟာ ပို့တ်အော်ပရင့်စ်မြို့ရဲ့ စီတေးဆိုလေးလ်မြို့နယ်အတွင်းက ပလိန်းကူဒီဆက် ဧရိယာမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုမှ အသစ်ထွက်ပြေး လာကြ တဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ သူတို့မှာ ဘာပစ္စည်းမှ ပါမလာကြဘဲ အသက်ရှင်သန်နိုင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်" လို့ ပြောပါတယ်။
အခုလို အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပွားလာတာဟာ ဟေတီနိုင်ငံမှာ လုံခြုံရေး ပြန်လည် ရရှိအောင် ကူညီဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကင်ညာနိုင်ငံ ဦးဆောင်တဲ့ မစ်ရှင်ရဲ့ နောက်ဆုံးအဖွဲ့ဝင်တွေ ဟေတီကနေ ထွက်ခွာသွားပြီးနောက်မှာ ဖြစ်လာတာပါ။
အဲဒီမစ်ရှင်ဟာ ကြန့်ကြာမှုတွေ၊ ရန်ပုံငွေနဲ့ လူအင်အား မလုံလောက်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
စီမံကိန်းအသစ်အရ နွေရာသီကုန်မှာ ဟေတီနိုင်ငံထဲကို တပ်ဖွဲ့ဝင်အသစ် ၅,၅၀၀ လောက် ထပ်မံ စေလွှတ်ဖို့ ရည်မှန်းထားပေမဲ့ ဒီတပ်ဖွဲ့ဝင်တွေက ဘယ်ကနေလာမှာလဲ၊ သူတို့ရဲ့ စစ်ဆင်ရေးတွေ အတွက် ဘယ်သူက ရန်ပုံငွေစိုက်ထုတ်မှာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဒီအတောအတွင်းမှာပဲ ဟေတီအစိုးရဟာ အမေရိကန်ရဲ့ ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီ တခု ကိုလည်း ငှားရမ်းထားပါတယ်။
ဧပြီလကုန်ပိုင်းတုန်းက စီတေးဆိုလေးလ်နဲ့ မြောက်ပိုင်းက ခရွာဒီဘူကေး ရပ်ကွက်တဝိုက်မှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုအသစ်တွေကြောင့် သီတင်းပတ် ၂ ပတ်အတွင်း လူပေါင်း ၅၀၀၀ လောက် အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။
ဒါ့အပြင် မေလရဲ့ ပထမဆုံး ရက်ပိုင်းအတွင်း ဟေတီရဲ့ စားနပ်ရိက္ခာ အဓိကထွက်ရှိရာ အာတီဘိုနစ်ထ်ဒေသမှာလည်း လူပေါင်း ၄,၄၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ နောက်ဆုံးအစီရင်ခံစာအရ ဟေတီပြည်သူ ၁ ဒသမ ၄၅ သန်းလောက်ဟာ နိုင်ငံအတွင်းမှာတင် အိုးအိမ်စွန့်ခွာ နေထိုင်နေရပြီး၊ အများစုကတော့ ယာယီဒုက္ခသည်စခန်းတွေ ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေရဲ့ အိမ်တွေမှာ ခိုလှုံ နေကြရတယ်လို့ ခန့်မှန်းထားကာ ဒါဟာ ကာရစ်ဘီယံနိုင်ငံ လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းလောက် ရှိပါတယ်။
Source:Reuters











