DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံ ဖူးကျန်းပြည်နယ်၌ ဖိနပ်စက်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံး
DVB
·
July 10, 2026
Photo: CCTV
Photo: CCTV
Donate to DVB

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ဖူးကျန်းပြည်နယ်၊ ကျင်းကျန်းမြို့မှာရှိတဲ့ "ဟွေးထန်း" ဖိနပ်နဲ့ အဝတ်အထည်ထုတ်လုပ်ရေး စက်ရုံမှာ အကြီးအကျယ် မီးလောင်မှုတခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် CCTV ရုပ်သံမှာ ဇူလိုင် ၁၀ ရက်က ဖော်ပြပါတယ်။

ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးစတင်လောင်ချိန်မှာ စက်ရုံထဲမှာ ဝန်ထမ်း ၂၃၇ ယောက်နဲ့ ဧည့်သည် ၂ ယောက်၊ စုစုပေါင်း ၂၃၉ ယောက် ရှိနေခဲ့တယ်လို့ CCTV က ဆိုပါတယ်။

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်း အင်အား ၅၀၀ ကျော်က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရပါတယ်။

အဲဒီအထဲက လူပေါင်း ၂၁၃ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမဲ့ မီးခိုးလုံး အမည်းကြီးတွေကြား ခေါင်မိုးပေါ်မှာ ပိတ်မိနေသူတွေလည်း ရှိခဲ့ပါတယ်။

လွတ်မြောက်လာသူတွေထဲက ၂ ယောက်ကတော့ ဆေးရုံပို့ပြီး ကုသမှုခံယူရင်း သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အစောပိုင်းက ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ထားတဲ့ နောက်ထပ် ၂၆ ယောက်လည်း သေဆုံးသွားပြီဖြစ်ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

လောလောဆယ်မှာတော့ စက်ရုံပိုင်ရှင်နဲ့ တခြားတာဝန်ရှိသူတွေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ကုမ္ပဏီရဲ့ ဘဏ်အကောင့်တွေကိုလည်း ပိတ်ပင်ထားတယ်လို့ CCTV က ဖော်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အစွမ်းကုန် ကယ်ဆယ်ဖို့နဲ့ တာဝန်ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ ညွှန်ကြားထားသလို အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့တဖွဲ့ကို အခင်းဖြစ်ရာဆီ ချက်ချင်းစေလွှတ်ခဲ့ပြီး သောကြာနေ့မှာ အဖွဲ့ဝင် ၈ ယောက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ စစ်ဆေးဖို့ အခင်းဖြစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။

CCTV က ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ မီးလောင်ပျက်စီးသွားတဲ့ စက်ရုံအဆောက်အအုံ၊ စက်ရုံထဲမှာ လောင်ကျွမ်း မည်းတူးနေတဲ့ ပစ္စည်းတွေနဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးနေတာတွေကို မြင်တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ "ဖိနပ်မြို့တော်" လို့ တင်စားရတဲ့ ကျင်းကျန်းမြို့ဟာ ကမ္ဘာ့ဖိနပ်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ အဓိက လုပ်ငန်းနေရာကြီးတခုဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဖိနပ်စုံရေ ၁ ဒသမ ၂ ဘီလီယံကျော် ထုတ်လုပ်ခဲ့ပါတယ်။

မကြာသေးတဲ့ လပိုင်းတွေကလည်း တရုတ်နိုင်ငံတွင်းက ကုန်ထုတ်လုပ်ငန်းတွေမှာ လူသေဆုံးမှုရှိတဲ့ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013