
ဧရာဝတီတိုင်းထဲက ရေကြီးရေလျှံနေတဲ့ ဒေသတွေမှာ စက်သုံးဆီဈေးနှုန်း ရုတ်တရက် ထိုးတက်သွားပြီး လိုသလောက် ဝယ်ယူမရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းထဲက လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတ စတဲ့ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ လက်ရှိ စက်သုံးဆီတလီတာကို ကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တလအတွင်းက စက်သုံးဆီတလီတာ ကျပ် ၅,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၆,၅၀၀ ဝန်းကျင်အထိသာ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “ဒီဘက်မှာ ဘယ်ဆိုင်ဝယ်ဝယ် ၁၂,၀၀၀ နဲ့ အထက်မှာပဲ။ ရေမကြီးခင်ရက်က အခုလောက် မတက်ဘူး။ များများဝယ်လည်းမရဘူး။ ဆီလိုချင်သလောက် မရတော့ သုံးဘီးတောင် ခေါက်တိုလမ်းကြောင်းပဲ လိုက်နေရတယ်” လို့ ပြောပါတယ်။
ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတ စတဲ့ မြို့နယ်တွေမှာ စက်သုံးဆီဈေး ထိုးတက်နေတဲ့အပြင် ဆီလိုသလောက် ဝယ်ယူမရတာ၊ ထောက်ခံစာပါမှ ရောင်းပေးတာ၊ လိုအပ်ချက်ကြောင့် နှစ်ကြိမ်ဝယ်ယူပါက စစ်ဆေးခံရတာတွေကြောင့် စက်သုံးဆီ ဝယ်ယူရာမှာ များစွာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ရေကြည်မြို့နယ်က စက်လှေအငှားလိုက်လုပ်ငန်းလုပ်သူက “ကိုယ်က ဒေသခံဆိုတော့ ကူညီကယ်ဆယ်ရေးသမားတွေ၊ အလှူရှင်တွေက လမ်းကြောင်းပြဖို့ စက်လှေအငှားခေါ်တယ်၊ မလိုက်နိုင်ဘူး။ စက်သုံးဆီ အပိုမှမရှိတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက လေးမျက်နှာ အပါအဝင် ရေကြီးရေလျှံမှု ဖြစ်နေတဲ့ ဒေသတွေမှာ ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၁၇ ရက်အထိ ရေဘေးဒုက္ခရောက်နေတာ အချိန် ၁၈ ရက် ဝန်းကျင်အထိ ရှိလာပေမဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေပါ စက်သုံးဆီကို အကန့်အသတ်၊ ခွဲတမ်းနဲ့သာ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လတ်တလောအနေနဲ့ ကျောင်းကုန်း၊ ကျုံပျော်၊ မြန်အောင်၊ မအူပင်မြို့နယ်တွေမှာ မြစ်ရေမြင့်တက်လာတာကြောင့် ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပေါ်လာပြီး ကူညီကယ်ဆယ်ရေးမှာ အဓိက အသုံးပြုရတဲ့ စက်သုံးဆီ လိုအပ်ချက် ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှု မဖြစ်ခင်ကတည်းက စက်သုံးဆီကို တော်လှန်ရေးတပ်တွေဆီ မရောက်စေဖို့ စစ်အာဏာရှင်က စက်သုံးဆီ လုပ်ငန်းရှင်တွေကို ကန့်သတ်ရောင်းချဖို့ ဖိအားပေးတာ၊ တော်လှန်ရေးတပ်တွေဆီ စက်သုံးဆီ ရောင်းချတာကြောင့်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးတာ စတဲ့ ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။











