DVB Logo
Home
နိုင်ငံတကာ
ထိုင်းဖခင်အတုအမည်ဖြင့် မွေးစာရင်းလျှောက်ထားမှုများကို ဖမ်းဆီးနှိမ်နင်းနေ
DVB
·
October 16, 2026
Photo: แม่ริม เชียงใหม่ Facebook
Photo: แม่ริม เชียงใหม่ Facebook
Donate to DVB

နိုင်ငံခြားသားတချို့ဟာ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်ပြား ရရှိဖို့အတွက် ထိုင်းဖခင်အတုနဲ့ မွေးစာရင်း လျှောက်ထားသလို မျိုးဗီဇတော်စပ်မှု DNA သက်သေခံချက်ကိုလည်း အသုံးပြုလာကြတဲ့အတွက် ဒီလိုလုပ်ဆောင်နေတဲ့ ကွန်ရက်တွေကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့  တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်မှာ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံသားမှတ်ပုံတင်ရဖို့ အစိုးရဌာနဆိုင်ရာ စာရွက်စာတမ်းတွေ တုပမှု၊ ထိုင်းနိုင်ငံသား မွေးစာရင်းရဖို့ ဖခင်အဖြစ် အမည်ခံပေးမှု၊ အိမ်ထောင်စုစာရင်းအတု ပြုလုပ်မှု စတဲ့ ပြစ်မှုတွေနဲ့  နန်းဆောင် အာရယာနဲ့ နိုင်းဝချီရာယုဒ် ဆိုသူ ၂ ယောက်ကို ဖမ်းဆီးထားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ ကွန်ရက်တွေ ကျန်ရှိနေသေးတဲ့အပြင် မျိုးဗီဇတော်စပ်မှု DNA  အတုကိုပါ အသုံးပြုလာကြောင်း စုံစမ်းသိရှိရတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန ညွှန်မှူး ရဲမှူးချုပ် ဆရာဝုဒ်ခွန်ယိုင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၁၅ ရက်က ဘန်ကောက်နဲ့ စမွတ်ပရကန်ခရိုင်ရှိ နေအိမ် ၂ လုံးနဲ့ ကုမ္ပဏီတခုကို သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဲဒီနေရာ ၃ ခုက မိဘနဲ့ကလေး ဆက်စပ်မှု သက်သေအထောက်အထားတွေ၊ DNA စစ်ဆေးချက်ရလဒ်တွေပါ အသေးစိတ် ထပ်မံစစ်ဆေးဖို့ သိမ်းယူခဲ့ကြတယ်၊ ဒါ့အပြင် တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်နေတဲ့ အချက်အလက်တွေပါ တွေ့ရှိခဲ့တာကြောင့် တော်စပ်မှုတွေကိုပါ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ တုပမှုတွေဟာ ထိုင်းနိုင်ငံရဲ့ လူဦးရေ သန်းခေါင်စာရင်း မှတ်ပုံတင်စနစ်ပေါ် ယုံကြည် စိတ်ချမှုနဲ့ အမျိုးသားလုံခြုံရေးကိုပါ ဆိုးရွားစွာ ထိခိုက်စေတာကြောင့် ဒီကွန်ရက်မှာ ပါဝင်ပတ်သက်သူတွေ အားလုံးကို တည်ဆဲဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့လိမ်းမြို့နယ်ရုံးမှာလည်း အောက်တိုဘာ ၁၂ ရက်က  ထိုင်းအမျိုးသားတယောက်ဟာ နိုင်ငံမဲ့ (၁၀ နှစ်ခံကတ်) ကိုင်ဆောင်သူ မိခင်ဖြစ်သူက မွေးလာတဲ့ ကလေးရဲ့ ဖခင်အဖြစ် အမည်ခံပြီး ဆေးရုံက အထောက်အထားနဲ့အတူ ကလေးမွေးစာရင်း သွားလုပ်ခဲ့ပါတယ်။

မှတ်ပုံတင်အရာရှိက သူ့ကို ကလေးမိခင်နဲ့ ထိုင်းအသိသက်သေ ၂ ယောက်ပါ ပြန်ခေါ်လာခိုင်းတယ်။ သူတို့တွေ ရောက်လာတော့ သပ်သပ်စီခွဲပြီး မေးမြန်းရာမှာ တကယ့်လင်မယားအစစ်မဟုတ်ကြောင်း ပေါ်လွင်သွားပါတယ်။

ကလေးမိခင်ကလည်း မိမိကလေး ထိုင်းနိုင်ငံသားမှတ်ပုံတင်ရဖို့ ထိုင်းဖခင်အတုကို သုံးရကြောင်း ဝန်ခံသွားပါတယ်။ ဒါပေမဲ့ ထိုင်းတာဝန်ရှိသူတွေက ကလေးဖခင်အတုနဲ့ မိခင်ကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းလက်ထဲ အပ်နှံလိုက်ပါတယ်။

Source: Daily News / ChiangMai News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013