
ယူကရိန်းက မြောက်ကိုရီးယား စစ်သုံ့ပန်း ၂ ယောက်ကို တောင်ကိုရီးယားဆီ လွှဲပြောင်း ပေးလိုက် ပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်းမှာ ထည့်ပြောသွားပါတယ်။
သူတို့ ပြန်လွှတ်လိုက်တာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သမ္မတ ဇလန်းစကီးက အကျယ်တဝင့် ပြောမသွားပါဘူး။
ယူကရိန်းဟာ အဲဒီ မြောက်ကိုရီးယားစစ်သား ၂ ယောက်ကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ရုရှားရဲ့ ကာ့စ်ခ်ဒေသမှာ ဖမ်းဆီးရမိခဲ့တာပါ။
သူတို့ကို အရှင်လတ်လတ်ဖမ်းဖို့ မလွယ်ကူဘဲ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတော့မယ်ဆိုတာ သိသွားချိန်မှာ တယောက်ဆိုရင် သေကြောင်းကြံစည်ဖို့အထိ ကြိုးစားခဲ့သေးတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
၂၀၂၄ မှာ ရုရှား-ယူကရိန်း စစ်ပွဲထဲ မြောက်ကိုရီးယား ပါဝင်လာပြီးနောက်ပိုင်း အရှင်လတ်လတ် ဖမ်းမိတဲ့ ပထမဆုံး မြောက်ကိုရီးယား စစ်သားတွေလည်း ဖြစ်ပါတယ်။
ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေနဲ့ လဲလှယ်ပေးမယ်ဆိုရင် အဲဒီစစ်သားတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဆီ လွှဲပေးမယ်လို့ ဇလန်းစကီးက အဲဒီအချိန်တုန်းက ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲဒီစစ်သားတွေ ပြန်ရောက်သွားရင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ်ခံရနိုင်တာမို့ တောင်ကိုရီးယားဆီပဲ ပြန်ပို့ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်သား ၂ ယောက်ကလည်း တောင်ကိုရီးယားဆီ ခိုလှုံခွင့်တောင်းချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီစစ်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လွှဲပြောင်းပေးခဲ့တဲ့ အချိန်ကာလ အပါအဝင် အသေးစိတ် အချက်အလက်တွေကို အတည်ပြုပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ မေးမြန်းတာကို ချက်ချင်း တုံ့ပြန်တာ မရှိသေးပါဘူး။
Source: Reuters










