
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသအတွင်း သက်ငယ်မုဒိမ်းမှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာနေတဲ့အတွက် ဒေသခံ ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။
တဖက်မှာလည်း AA အနေနဲ့ ထိရောက်စွာ အရေးယူဖို့နဲ့ တရားစီရင်ရေးအပိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။
ရခိုင်ဒေသအတွင်း အခု ၂၀၂၆ ခုနှစ်အတွင်းမှာတင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူ အနည်းဆုံး ၁၀ ယောက်ထက် မနည်း ရှိလာနေပြီ ဖြစ်ပါတယ်။
သက်ငယ်မုဒိမ်းဖြစ်ပွားမှုတွေ ခပ်စိတ်စိတ် ရှိလာနေတာကြောင့် ဒေသခံတွေနဲ့ မိဘတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ကြီးမားနေပြီး ကျူးလွန်သူတွေကို နောက်မလုပ်ရဲအောင် သေဒဏ်အထိ ပေးဖို့အပြင် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေ လိုအပ်နေတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“ဒီမှာက ဒေသတွင်းက လူတွေ၊ အမျိုးသမီးတွေ၊ ဒေသခံတွေ၊ မိဘတွေကတော့ တောင်းဆိုနေတာ ရှိတာပေါ့လေ။ ဒီ သက်ငယ်မုဒိမ်းမှု ဖြစ်လို့ရှိရင် သေဒဏ်ပေးဖို့အထိ တောင်းဆိုကြတာ ရှိတယ် ပေါ့နော်။ သေဒဏ်ထိ ပေးလိုက်မှ ဒီမုဒိမ်းမှုတွေက ပျောက်သွားမယ်ပေါ့နော်။ ဒီမှာက တော်တော်များများ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုနဲ့ပတ်သက်ပြီး သိရှိနားလည်မှုအပိုင်းက အများကြီး အားနည်းနေသေးတယ်လို့ ပြောလို့ရတယ်ပေါ့နော်။”
အနီးစပ်ဆုံးဖြစ်စဉ်အနေနဲ့ ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၅၆ နှစ်အရွယ် အမျိုးသားတယောက်က အဓမ္မ ပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ကလေးငယ်တွေ ဆော့ကစားနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်သူကို မေ ၉ ရက်မှာ အာရက္ခတပ်တော်ရဲ့ DLEPS အဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာပါ။
အလားတူ ဧပြီ ၂၂ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို တရွာတည်းနေ အသက် ၆၀ အရွယ် အမျိုးသားတယောက်က အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
အခုလို ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး ဒေသခံ ကလေးမိခင်တယောက်က “စိုးရိမ်စိတ်ကတော့ အများကြီးပေါ့၊ သားသမီးတွေကို ကျောင်းသွားတာကအစ ဘယ်ကိုပဲ လွှတ်လွှတ် ဒီလို တယောက်တည်း မလွှတ်ရဲတာတို့၊ ကစားနေရင်တောင်မှ အနီးအနားမှာပဲ ကစားတာတို့ အဲဒီလိုပဲ အခုက ထားထားရတယ်လေ။ ဘာလို့လဲဆိုတော့ အခုက သက်ငယ် မုဒိမ်း တွေက တအားများလာတယ်ဆိုတော့ ပြောလို့မရဘူး၊ ဟိုးအရင်ဆိုရင်တော့ ဒီအတိုင်း လွှတ်ထား လိုက်တယ်။ သူတို့က သူငယ်ချင်းတွေနဲ့ ကစားနေတယ်ဆိုလည်း ရတယ်။ ဈေးဆိုင်သွားမယ်ဆို လည်း ရတယ်။ အခုက အဲလို မထားရဲတော့ဘူး။ အခုက အကုန်လုံးကို စောင့်ကြည့်နေရတယ်၊ လိုက်ကြည့်နေရတဲ့ အခြေအနေမှာ ရှိတာပေါ့နော်” လို့ ပြောပါတယ်။
AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) ဘက်ကတော့ ရခိုင်ဒေသအတွင်း အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်ရင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ ထောင်ဒဏ်တသက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ချမှတ်သွားမယ်လို့ မတ် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အလားတူ မုဒိမ်းမှုကျူးလွန်ဖို့ ကြံစည်အားထုတ်ရင်လည်း ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ အများဆုံး ချမှတ်သွားမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့လည်း သက်ငယ်မုဒိမ်းမှုတွေ ရခိုင်ပြည်နယ်အတွင်းမှာ ဆက်လက်ဖြစ်ပွားနေတာဟာ တရားစီရင်ရေး အားနည်းချက်ကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “အသက်မပြည့်တဲ့ မိန်းကလေးတွေ ဒီ သက်ငယ် မုဒိမ်းမှု တွေ ဖြစ်တယ်ဆိုတာက တကယ် လူသားမဆန်တဲ့ကိစ္စပဲ။ အုပ်ချုပ်ရေးဘက်ကလည်း ဒီထက် ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ ပွင့်လင်းမြင်သာတဲ့ ပြစ်ဒဏ်စနစ်ပေါ့နော်။ ပိုပြီးတော့ ဂရုတစိုက်နဲ့ ပြည်သူကို ထင်သာမြင်သာစွာ ချပြဖို့လည်း လိုတယ်၊ တရားစီရင်ရေးဘက်မှာ အားနည်းချက် ရှိတယ်၊ အုပ်ချုပ်ရေးအားနည်းချက် ရှိတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ဒီ မုဒိမ်းမှုတွေ၊ သက်ငယ် မုဒိမ်းမှုတွေ ပိုကျူးလွန်လာတာ ဖြစ်တယ်” လို့ ပြောပါတယ်။
တဖက်မှာလည်း ရခိုင်ဒေသအတွင်း ကျူးလွန်ခံရသူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ ရှုမြင်ပုံမှာလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
ကျူးလွန်ခံရသူကို ဖေးမရမဲ့အစား ပတ်ဝန်းကျင်က ဖယ်ကြဉ်တာတွေ၊ အထင်သေးတာတွေ ကြုံတွေ့ နေရဆဲပဲလို့ ဒေသခံ အမျိုးသမီးတွေဆီက သိရပါတယ်။
ဒါကြောင့် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးက ကျူးလွန်ခံရသူတွေရဲ့ ဘဝရှေ့ရေး အတွက် ပတ်ဝန်းကျင်က ဖေးမကူညီဖို့လည်း အရေးကြီးတယ်လို့ ထောက်ပြပါတယ်။
“သူတို့ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ လမ်းကို ဖြောင့်ဖြောင့်တန်းတန်း လမ်းလျှောက်နိုင်ဖို့ အတွက် သူတို့ရဲ့ စိတ်ဒဏ်ရာ ဖြေဖျောက်ဖို့ ကျမတို့မှာ အများကြီး Awareness တွေလည်း လုပ်ရတယ်ပေါ့လေ။ အဲဒါမျိုးတွေကတော့ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လေ ပိုကောင်းလေပဲလို့ ကျမတို့ကတော့ မေတ္တာရပ်ခံပြီးတော့ နီးစပ်ရာ လူတွေကိုလည်းပဲ ရှောင်ဖယ် ပြီးတော့ မပစ်ဖို့ပေါ့နော်၊ ပိုပြီးတော့ ဖေးမပြီးတော့ လူ့လောကထဲမှာ အသက်ရှင်သန် ရပ်တည်ဖို့အတွက် လမ်းကို ကောင်းကောင်းလျှောက်နိုင်အောင်ပေါ့နော်။ သူတို့ရဲ့ ဘဝရှင်သန်ရာကို သူတို့ ဝါသနာပါရာ ပညာရေးပဲဖြစ်ဖြစ်၊ လက်မှုပညာပဲဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်ဖို့အတွက်လည်း ဖေးမကူညီ ဆောင်ရွက်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။”
မုဒိမ်းမှု ကျူးလွန်ခံရသူမှာ တသက်တာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေနိုင်တာကြောင့် ပတ်ဝန်းကျင် အသိုက်အဝန်းရဲ့ ဖေးမပံ့ပိုးမှုက သူတို့ရဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးပါတယ်။
လက်ရှိမှာ ULA/AA အနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို အရှိန်မြှင့် လုပ်ဆောင် နေပေမဲ့လည်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကျူးလွန်သူတွေကို ဘက်မလိုက်ဘဲ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် လုပ်ဆောင်ပေးဖို့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
ကေခိုင်










