DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ပညာရေးအဆင့်မြှင့်တင်ရန် စစ်အာဏာရှင်ပြောဆိုချက် လက်တွေ့နှင့် ကင်းကွာ
DVB
·
September 29, 2026
Photo: PPIB
Photo: PPIB
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင်က စက်တင်ဘာ ၂၇ ရက်မှာ  ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွေကို သွားရောက်စစ်ဆေးပြီး တက္ကသိုလ်တွေရဲ့ သင်ကြားရေး အခြေခံအဆောက်အအုံနဲ့ ကျောင်းသားတွေအတွက် လိုအပ်ချက်တွေကို အဆင့်မြှင့်တင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

လက်တွေ့မှာတော့ တက္ကသိုလ်ပညာရေးစနစ် အဆင့်မြှင့်တင်ရေးနဲ့ လက်ရှိမြေပြင်မှာ လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပညာရေးအခြေအနေကြားမှာ ကွာဟချက်ရှိနေတယ်လို့ ပညာရေး CDM တွေက ထောက်ပြပါတယ်။

စားဝတ်နေရေးအခက်အခဲ၊ နိုင်ငံရေးနဲ့ နယ်မြေမတည်ငြိမ်မှု၊ စစ်ဘေးရှောင်နေရမှုတွေအပြင် စစ်မှုထမ်းဖို့ ခေါ်ယူခံရနိုင်တဲ့ စိုးရိမ်မှုတွေကြောင့် လူငယ်တွေအနေနဲ့ ပညာရေးကို ဆက်လက် သင်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပညာရေး CDM ကထိက ဆရာမတယောက်က “ဒီလို စစ်မှုထမ်းဥပဒေတွေ ပေါ်တာဆွဲတာတွေ ရှိနေသရွေ့ လူငယ်တွေ သူတို့ရဲ့ အနာဂတ် သူတို့ရဲ့ အသက်တွေ မလုံခြုံသရွေ့ဟာ တက္ကသိုလ် အဆင့်မြှင့်လိုက်ရုံနဲ့ စနစ်ကြီးက မြင့်သွားမယ်။ လူတွေဟာ ဒီစနစ်နောက်ကို သင်ကြားဖို့ မြှင့်တဲ့ နေရာမှာ ပါဝင်ဖို့ဟာ လူစွမ်းအား အရင်းအမြစ်တွေက ရှားပါးနေပြီ မြန်မာပြည်မှာ။ အဲ့တော့ အဲ့လို မြှင့်တင်ရုံနဲ့ပဲ ဘယ်လိုခေါ်မလဲ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေ ထူးချွန်ထက်မြက်တဲ့ လူစွမ်းအားတွေ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ သူတို့ အဆင့်မြှင့်လိုက်တဲ့ အဆောက်အအုံတွေကတော့ အဆောက်အအုံ အနေနဲ့ကတော့ အောင်မြင်ချင် အောင်မြင်သွားမယ်ပေါ့နော်။ ဒီတက္ကသိုလ်ပညာရေးစနစ် ဒီလူစွမ်းအားတွေကတော့ တိုးမြှင့်ပြီး လိုက်ပါပြီးတော့ အဆင့်မြှင့်လာဖို့တော့ မရှိဘူးပေါ့နော်”လို့ ပြောပါတယ်။

ဒီလိုအခြေအနေမှာ တက္ကသိုလ်စနစ်ကို မြှင့်တင်မယ်ဆိုရင်တောင် မြို့ကြီးတွေအတွင်း ပညာသင် ယူနိုင်သူ လက်တဆုပ်စာအတွက်သာ အကျိုးရှိနိုင်ပြီး လူငယ်တွေရဲ့ လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံး နေမှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

တဖက်မှာတော့ ပညာရေးကို ဆက်လက် မသင်ယူတော့ဘဲ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ ရှိနေပြီး သူတို့အတွက် တက္ကသိုလ် အဆင့်မြှင့်တင်ရေးထက် ပညာရေးကို ပြန်လည်ယုံကြည်နိုင်ဖို့နဲ့ လုံခြုံစွာ သင်ယူနိုင်ဖို့က ပိုအရေးကြီးနေပါတယ်။

လူငယ်တယောက်က “လက်တွေ့အခြေအနေနဲ့ ကွာခြားတယ်လို့ ထင်တယ်ပေါ့နော်။ ကိုယ်တိုင်လည်း ကျောင်းဆက်မတက်ဖို့ ရွေးချယ်ခဲ့တဲ့သူတယောက်အနေနဲ့ ဒီပညာရေးစနစ်ကို လုံးဝယုံကြည်ချက် မရှိဘူးပေါ့နော်။ လူငယ်တွေက နေ့ရက်တိုင်းကို ကြောက်တရားနဲ့ ဖြတ်သန်းနေရတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်ရှေ့တံခါးကို ဘယ်အချိန်လာခေါက်ပြီးတော့ ကိုယ့်ကို စစ်တပ်ထဲ ဖမ်းခေါ်သွားမလဲ၊ ဘယ်အချိန် ရှေ့တန်းကို ပို့လိုက်မလဲ ဒါမျိုးတွေပဲ တွေးပြီး ကြောက်နေရတာ။ သူက ဒါ ပညာရေးကို အဆင့်မြှင့်တင် မယ်ဆိုပေမဲ့ ကျောင်းတွေက နေ့တိုင်း ဗုံးကြဲတာ ရွာတွေကို မီးရှို့တာ ဒါတွေပဲ ဆက်တိုက်လုပ်နေတာပေါ့နော်။ အဲ့တော့ အပြောကတခု လုပ်နေတာတွေကတခုဆိုတော့ လုံးဝယုံကြည်မှုကတော့ တစက်မှမရှိဘူး”လို့ ပြောပါတယ်။

ပညာရေးအဆောက်အအုံတွေ အဆင့်မြှင့်တင်တာနဲ့အတူ လူငယ်တွေရဲ့ ပညာသင်ယူခွင့်၊ လုံခြုံရေးနဲ့ အနာဂတ်အခွင့်အလမ်းတွေကို ဘယ်လိုအာမခံပေးနိုင်မလဲ ဆိုတာကလည်း လက်ရှိမြန်မာ့ပညာရေး အတွက် အဓိကမေးခွန်းတခု ဖြစ်နေပါတယ်။

မြန်မာလူငယ်တွေရဲ့ ပညာရေးအပေါ် ပဋိပက္ခနဲ့ မလုံခြုံမှုတွေ သက်ရောက်နေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေဖြစ်တဲ့ UNICEF နဲ့ UNDP တို့ရဲ့ လတ်တလော အချက်အလက်တွေမှာလည်း ဖော်ပြထားပါတယ်။

ဝေဝေ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013