DVB Logo
Home
ပညာရေး/နည်းပညာ
အာရက္ခအမျိုးသားတက္ကသိုလ်၌ ပထမနှစ် (ဂုဏ်ထူးတန်း) သင်တန်းသားများ လျှောက်လွှာခေါ်ယူ
DVB
·
August 11, 2026
Photo : AA
Photo : AA
Donate to DVB

အာရက္ခ အမျိုးသားတက္ကသိုလ်မှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဝိဇ္ဇာနဲ့ သိပ္ပံ  B.A(Hons)၊ B.Sc(Hons) စတဲ့ဘွဲ့တွေကို ရယူနိုင်မဲ့ ပထမနှစ် ဂုဏ်ထူးတန်းသင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသားတွေကို လျှောက်လွှာခေါ်ယူနေတယ်လို့ သိရပါတယ်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခ အမျိုးသားပညာရေးဌာန၊ အဆင့်မြင့်ပညာရုံးအောက်ရှိ အာရက္ခ အမျိုးသားတက္ကသိုလ်မှာ ပထမနှစ် (ဂုဏ်ထူးတန်း) သင်တန်းတွေကို ဖွင့်လှစ်သင်ကြားမှာလို့ အာရက္ခ အမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ထမ်း အမျိုးသမီးတယောက်က “တက္ကသိုလ် ဒုတိယနှစ်အောင်ပြီးသူပေါ့။ ပြောရမယ်ဆိုရင် ပထမနှစ်က ဂုဏ်ထူးတန်းပါတဲ့သူတွေအတွက် နေ့(day)သင်တန်း ဖွင့်ပေးသွားမှာ။ ဒါကြောင့် ပညာသင်ယူနေကြတဲ့ ကျောင်းသားတွေ ပညာသင်ကြားခွင့် မဆုံးရှုံးရအောင် လျှောက်ထားလို့ရပါတယ်” လို့ ပြောပါတယ်။

ဝိဇ္ဇာဘက်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး စတဲ့ဘာသာရပ်တွေ ရွေးချယ်တက်နိုင်ပြီး သိပ္ပံဘက်မှာတော့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ စတဲ့ ဘာသာရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

စာရင်းထဲမှာမပါတဲ့ ဘာသာရပ်တွေကိုလည်း လျှောက်ထားနိုင်ပြီး လျှောက်ထားသူအရေအတွက်နဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ထပ်ဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီသင်တန်းက ၃ နှစ် တက်ရမှာဖြစ်ပြီး အချိန်ပြည့် Day သင်တန်းအနေနဲ့ တက်ရောက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ဒေသဆိုင်ရာဖွံ့ဖြိုးမှုတွေကို ဆက်တိုက် လုပ်ဆောင်ပေးလာတာဟာ ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်ပေမဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ စစ်တွေမြို့နယ်မှ စစ်ရှောင်လာသူ ကျောင်းသားမိခင်တယောက်က ပြောပါတယ်။

“သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တာက မိဘတွေရဲ့ဆန္ဒပါ။ ငွေကြေးမတတ်နိုင်ပေ‌မဲ့ သားသမီးတွေကို ပညာတတ်ဖြစ်အောင် သင်မယ်လို့ စိတ်ကူးက ရှိပြီးသားပါ။ ဒါပေမဲ့ စစ်ကောင်စီက ဗုံးကြဲနေသရွေ့တော့ မိဘအနေနဲ့ စိုးရိမ်မှုတွေ ရှိတာပေါ့နော်။ စစ်ကောင်စီက စာသင်ကျောင်းတွေ အဆောက်အအုံတွေ လူများတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတော့။”

လျှောက်ထားမဲ့သူဟာ အာရက္ခပြည်မှာ နေထိုင်သူ ဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်တခုခုမှာ သက်ဆိုင်ရာ အထူးပြုဘာသာရပ်နဲ့ ဒုတိယနှစ်ကို အောင်မြင်ပြီး ဂုဏ်ထူးတန်းတက်ဖို့ အဆင့်မီထားသူ ဖြစ်ရမယ်လို့ သိရပါတယ်။

ဒီသင်တန်းပြီးသွားရင် B.A(Hons)၊ B.Sc(Hons)၊ B.BA(Hons)၊ B.Com(Hons)၊ LL.B(Hons) စတဲ့ဘွဲ့တွေ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘွဲ့ရပြီးသားသူတွေ၊ ဒုတိယနှစ် ဂုဏ်ထူးတန်းတက်ခွင့် ရပြီးသားသူတွေကတော့ လျှောက်ထားလို့ မရဘူးလို့ ဆိုပါတယ်။

လျှောက်လွှာတင်တဲ့အခါ ဒုတိယနှစ်အောင်စာရင်း ဒါမှမဟုတ် အမှတ်စာရင်း၊ ကျောင်းသားကတ် ဒါမှမဟုတ် ကျောင်းသွင်းပြေစာတို့ထဲက သက်ဆိုင်ရာ စာရွက်စာတမ်းတခုနဲ့ Passport ဓာတ်ပုံ ၂ ပုံ တင်ရမယ်လို့ ဖော်ပြထားပါတယ်။

လျှောက်လွှာပိတ်ရက်ကတော့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်ဖြစ်ပြီး လျှောက်လွှာကို သက်ဆိုင်ရာ မြို့နယ်ပညာရေးရုံးတွေမှာ ထုတ်ယူပြီး တင်နိုင်တယ်လို့ ဆိုထားပါတယ်။

ကျောင်းစဖွင့်မဲ့ရက်၊ ဘယ်နေရာမှာ တက်ရမလဲ၊ ဘယ်အချိန်တက်ရမလဲ ဆိုတာတွေကိုတော့ အောက်တိုဘာ ၃၀ ရက်မှာ သက်ဆိုင်ရာ မြို့နယ်ပညာရေးရုံးမှာ သွားရောက်မေးမြန်းနိုင်ပါတယ်လို့လည်း သိရပါတယ်။

Photo: AA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013