
စစ်ပွဲစကတည်းက အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့လို့ တက္ကသိုလ်ပေါင်း ၃၀ ထက်မနည်း ထိခိုက်ခဲ့ရတယ်လို့ အီရန်အာဏာပိုင်တွေက ပြောတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဧပြီ ၆ ရက်မှာ ဖော်ပြပါတယ်။
တီဟီရန်မြို့တော်မြောက်ပိုင်းက ကျယ်ပြန့်တဲ့ ရှာဟစ်ဘီဟက်ရှ်တီ တက္ကသိုလ်ထဲက သုတေသန စင်တာတခု စစ်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ပျက်စီးယိုယွင်းခဲ့ပါတယ်။
နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မချင်း နိုင်ငံတဝန်းက အတန်းအားလုံးကို အွန်လိုင်းပညာရေးစနစ်အဖြစ် ပြောင်းထားလို့ တက္ကသိုလ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမဲ့ အနားက အဆောင်တွေတော့ နည်းနည်းပျက်စီးခဲ့ပါတယ်။
အဆင့်မြင့်ပညာရေးဌာနရဲ့ လေဆာနဲ့ ပလာစမာ သုတေသနဌာနကို သောကြာနေ့က တိုက်ခိုက်မှုဟာ အီရန်စစ်ပွဲမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပစ်မှတ်ထားတဲ့ အရပ်ဘက်နေရာတွေ ပိုများလာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းကို တရားဝင် ထုတ်မပြောပေမဲ့ ဇွန်လမှာ အစ္စရေးရဲ့ ၁၂ ရက်ကြာ စစ်ပွဲရဲ့ ပထမဆုံးပစ်ခတ်မှု အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သီအိုရီရူပဗေဒအကြီးတန်း ပညာရှင်နဲ့ နျူကလီးယားသိပ္ပံပညာရှင် မိုဟာမက် မေဒီတီရန်ချီဟာ ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာပါ။
“ဒီရန်လိုတဲ့ လုပ်ရပ်ဟာ ပညာရှင်တွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံရဲ့ သိပ္ပံပတ်ဝန်းကျင်ကို ပစ်မှတ်ထားရုံသာမက ဆင်ခြင်တုံတရား၊ သုတေသနနဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ပြတ်ပြတ်သားသား တိုက်ခိုက်တာပါပဲ”လို့ တက္ကသိုလ်က ကြေညာချက် ထုတ်ပြန် ပြောပါတယ်။ နိုင်ငံတကာက အလားတူ တိုက်ခိုက်မှုတွေအကြောင်း အသိပညာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters










