
စူပါအယ်လ်နီညိုရာသီဥတုနဲ့ ရင်ဆိုင်နေရချိန် ပူပြင်းတဲ့ရာသီဥတုဒဏ်ကြောင့် အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က ပြည်သူတွေ အပူရှပ်တဲ့ဖြစ်စဉ်တွေ နေ့စဉ် ဆက်တိုက်ဖြစ်ပွားနေပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့က ဘုရင့်နောင် ကားပစ္စည်းပွဲရုံဝင်းမှာ အသက် ၆၀ အရွယ် အမျိုးသားတယောက် အပူရှပ်ပြီး နေရာမှာတင် လေဖြန်းသွားခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ခေမာအောင် လူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ အသက် ၆၀ အရွယ် ဦးစိုးဝင်းဟာ ဘုရင့်နောင် ကားပစ္စည်းရောင်းဝယ်ရေးဝင်းမှာ အပူရှပ်ပြီး လေဖြန်းသွားလို့ ခေမာအောင် လူမှုကူညီရေးအသင်းက ကူညီပြီး အင်းစိန်ဆေးရုံကို ပို့ဆောင် ကူညီပေးခဲ့တာလို့ သိရပါတယ်။
ရန်ကုန်မြို့ခံတယောက်က “ရန်ကုန်မှာ တအားပူတယ်။ အပူချိန်က ၃၀ ဒီဂရီကျော်ချည်းပဲ။ အခုတောင် ဒီလောက်ပူနေတာ နွေရောက်ရင် တော်တော်ဆိုးမယ်။ နေ့လယ်နေ့ခင်း မလိုအပ်ဘဲ အပြင်မထွက်ကြတာ ကောင်းမယ်။ လိုအပ်လို့ထွက်ရင်လည်း အပူဒဏ်ကာကွယ်မဲ့ ထီးတို့ ဦးထုပ်တို့ ဆောင်းတာမျိုး၊ ဓာတ်ဆားတို့ ဘာတို့ ဆောင်တာမျိုးတွေ လုပ်သင့်တယ်” လို့ ပြောပါတယ်။
မနေ့ နေ့လယ်ပိုင်းကလည်း ရန်ကုန်မြို့လယ်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတယောက် အပူရှပ်ပြီး လဲကျသေဆုံးခဲ့ပြီး အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းကလည်း ပုဇွန်တောင်မြို့နယ်မှာ သက်ကြီးပိုင်း အမျိုးသမီးတယောက် အပူရှပ်ကာ မူးလဲသွားလို့ လူမှုကူညီရေးအသင်းက ကားနဲ့ နေအိမ်ကို လိုက်ပို့ပေးခဲ့ရပါသေးတယ်။
လက်ရှိမှာ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အချိန်အခါမဟုတ် မိုးရွာသွန်းနေပေမဲ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ အပူချိန် သိသိသာသာ မြင့်တက်နေတာကြောင့် အပြင်ထွက် သွားလာနေရသူတွေနဲ့ အလုပ်ကြမ်း လုပ်ကိုင်နေရသူတွေ ကျန်းမာရေး အထူးဂရုပြုကြဖို့ သတိပေးမှုတွေ ရှိနေပါတယ်။
အခုနှစ်အတွင်း စူပါအယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေ အဆမတန်မြင့်တက်နိုင်ပြီး လူထောင်ချီ သေဆုံးနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။











