
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ကဏန်းကုန်သည် ၅ ယောက် မောင်တောမြို့က ကဏန်းရောင်းပြီး အပြန် ရသေ့တောင်မြို့နယ်အတွင်းမှာ ပျောက်ဆုံးနေတာ ၂ လကျော် ကြာမြင့်လာပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ပေါက်တောမြို့က စစ်ဘေးရှောင်နေသူ ၃ ယောက်၊ ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်နေသူ တယောက်၊ မြောက်ဦးမြို့က စစ်ဘေးရှောင်နေသူ တယောက်တို့ ဖြစ်ကြပြီး မတ် ၃၁ ရက်က ပေါက်တောမြို့နယ်က ကဏန်းတွေကို မောင်တောမြို့နယ်ကို သွားရောင်းပြီး အပြန် ရသေ့တောင်မြို့နယ်အတွင်းမှာ ပျောက်ဆုံးခဲ့တာလို့ ပျောက်ဆုံးသွားသူ ကိုနိုင်လင်းစိုးရဲ့ ဇနီးဖြစ်သူ မရွှေယဉ်ဝင်းက ပြောပါတယ်။
“ပျောက်ဆုံးနေတာက ကျမ အမျိုးသား အပါအဝင် ၅ ဦး ပျောက်နေတာ။ ကျမတို့အိမ်က ၃ ဦး ပါသွားတယ်။ ကျမ အမျိုးသား၊ ကျမအစ်ကိုနဲ့ တူလေးတဦး ပါတယ်။ နောက်ထပ် နှစ်ဦးက အလုပ်သမားတွေ။ သူတို့က မတ် ၃၁ ရက်နေ့မှာ မောင်တောကို ကဏန်းသွားရောင်းပြီး ဧပြီ ၁ ရက်နေ့မှာ ပြန်လာကြတာ။ ရသေ့တောင်မြို့နယ် လောင်းချောင်းရွာကို အရောက်မှာ ကျမနဲ့ အဆက်အသွယ် ရခဲ့သေးတယ်။ သူတို့ ပြန်လာနေပြီ၊ ညနေ အိမ်ကို ရောက်မယ်ဆိုပြီး ပြောခဲ့သေးတယ်။ ဒါပေမဲ့ ၂ ရက် ၃ ရက်သာ ကြာသွားတယ် ရောက်မလာခဲ့ဘူး။”
အခုပျောက်ဆုံးနေသူတွေဟာ ပေါက်တောမြို့က စစ်ဘေးရှောင်နေတဲ့ ကိုနိုင်လင်းစိုး (၂၈ နှစ်)၊ ကိုမင်းထက်အောင် (၃၂ နှစ်)၊ ကိုမောင်သန်းဌေး (၂၁ နှစ်)၊ မြောက်ဦးမြို့နယ်က ကိုမောင်ဘသိန်း (၃၃ နှစ်) နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကိုခင်မောင်အေး (၄၂ နှစ်) တို့ ဖြစ်ကြပြီး သူတို့ ၅ ယောက်ဟာ စက်လှေ ၂ စင်းနဲ့အတူ မောင်တောကို ကဏန်းသွားရောင်းကြတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့ ၅ ယောက် ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေက လိုက်လံရှာဖွေတဲ့အခါမှာလည်း သူတို့နဲ့ပတ်သက်တဲ့ အစအနတခုမှ မတွေ့ရသလို ရသေ့တောင်၊ ပေါက်တော၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်က ရဲစခန်းတွေမှာ လူပျောက်တိုင်တန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း အရေးတယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ မရွှေယဉ်ဝင်းက ဆက်ပြောပါတယ်။
“သူတို့ ၃၊ ၄ ရက်လောက် ကြာတဲ့အထိ ရောက်မလာတော့ မိသားစုဝင်တွေက လိုက်ရှာကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ဘာအစအနမှ မတွေ့ရဘူး။ သေဆုံးသွားကြတယ် ဆိုရင်လည်း သူတို့နဲ့ ပတ်သက်ပြီး တခုခု တွေ့ရမယ်။ ရဲစခန်းတွေမှာ သွားပြီး တိုင်တန်းထားတာတွေ ရှိပေမဲ့လည်း အရေးတယူ ဆောင်ရွက်ပေးတာတွေ မရှိဘူး။ ကျမတို့ကတော့ အစိုးရဘက်က တတ်နိုင်သလောက် ကူညီပြီး ရှာပေးစေချင်တယ်။ ဖမ်းဆီးထားတယ် ဆိုရင်လည်း မိသားစုနဲ့ အဆက်အသွယ်လုပ်ခွင့် ရချင်တယ်။”
အခု ပျောက်ဆုံးနေကြတဲ့သူတွေဟာ ပေါက်တောမြို့နယ်ဘက်က ကဏန်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တင်ပို့နိုင်ဖို့ မောင်တောမြို့နယ်ကို ဖိုက်ဘာစက်လှေ ၂ စင်းနဲ့ သွားရောင်းနေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ ပျောက်ဆုံးနေသူ ၅ ယောက်မှာ ကဏန်းရောင်းချပြီး ရရှိလာတဲ့ ကျပ်ငွေ သိန်း ၃၀၀ ကျော်လည်း သူတို့နဲ့အတူ ပါလာကြတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ်ဟာ အာရက္ခတပ်တော်က အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့နယ်တခုဖြစ်ပြီး မြို့နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို အပြည့်အဝ ကိုင်တွယ်နေတာလည်း ဖြစ်ပါတယ်။











