
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်က ဇိမ်ခံအိမ်ရာတခုမှာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ပါတဲ့ နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်း PBS သတင်းက ဇွန် ၂၄ ရက်မှာ ဖော်ပြပါတယ်။
အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့နဲ့ အိုင်တီနည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ဆာရဖီးမြို့နယ်ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်တလုံးကို သွားရောက်စစ်ဆေးခဲ့တာမှာ တရုတ်နိုင်ငံသား ၁၁ ယောက်၊ မြန်မာနိုင်ငံသား ၄ ယောက်၊ စုစုပေါင်း ၁၅ ယောက်ကို အွန်လိုင်းလိမ်လည်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ လက်တော့ပ်ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းနဲ့ တခြား ဆက်သွယ်ရေးကိရိယာအမြောက်အမြား သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
စုံစမ်းစစ်ဆေးချက်အရ အဲဒီလူတွေဟာ အဲဒီဇိမ်ခံအိမ်ကြီးကို တလ ဘတ် ၈၀,၀၀၀ နှုန်းနဲ့ ငှားရမ်းနေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတယ်၊ ဒီမတိုင်ခင်က အဲဒီအိမ်မှာ ညအချိန်မတော် အသံတွေ ဆူညံတာ၊ အစားအသောက်များစွာ မှာယူသိုလှောင်တာတွေကို ရပ်ကွက်ထဲရှိ လူတွေက သံသယတွေ့ရှိတာကြောင့် တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။
အဲဒီဂိုဏ်းဟာ ပြည်ပမှာရှိတဲ့ ခေါင်းဆောင်ရဲ့ အမိန့်ပေးညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်။ တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထား လိမ်လည်တယ်၊ သူတို့ဟာ အာမခံကုမ္ပဏီ၊ ပါဆယ်ထုပ်ပို့ဆောင်ရေးကုမ္ပဏီ အယောင်ဆောင်ပြီး သားကောင်တွေကို အပလီကေးရှင်း ဒေါင်းလုတ်ဆွဲခိုင်းတယ်။ သားကောင်ရဲ့ တယ်လီဖုန်း၊ ဒါမှမဟုတ် ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူတယ်။ ပြီးတော့ ငွေလွဲခိုင်းတဲ့ပုံစံနဲ့ လိမ်လည်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းမိုင်ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ထဝပ်ချိုင်း ဖုန်းဝိဝပ်ထနချိုင်းက-ချင်းမိုင်ခရိုင်ထဲမှာ ၆ လအတွင်း အလားတူ ကျားဖြန်ဂိုဏ်း ဖမ်းဆီးရရှိမှု ၅ ကြိမ် ရှိခဲ့တယ်။ ဒီလို မကြာခဏ ဖမ်းဆီးနှိမ်နင်းပေမဲ့ နောက်ထပ်လူသစ်တွေ အစားထိုး ဝင်ရောက်လာကြပြန်တယ်။ ဒါကြောင့် ပြဿနာဆက်ရှိနေတယ်။ အများစုက တိုးရစ်ဗီဇာနဲ့ ဝင်ရောက်လာတယ်၊ တချို့ကတော့ သဘာဝလမ်းကြောင်းတိုင်း တရားမဝင် ဝင်ရောက်လာတယ်လို့ သတင်းထောက်ကို ပြောပါတယ်။
ချင်းမိုင်တက္ကသိုလ်၊ ဥပဒေနဲ့ နည်းပညာဆိုင်ရာ လေ့လာရေးဌာနရဲ့ဌာနမှူး နိုင်းထွတ်စဖုန်း ထပ်စနဖန်းကလည်း ချင်းမိုင်ဟာ သွားလာရေးအဆင်ပြေတဲ့အပြင် သီးသန့်ဇိမ်ခံအိမ်ရာတွေ ရှိတယ်၊ တရုတ်လူမျိုးတွေလည်း အများအပြား နေထိုင်ကြတယ်၊ ဒါကြောင့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းသားတွေ ခိုအောင်းနေထိုင်ချင်တဲ့ နေရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂိုဏ်းတွေဟာ ပုံစံ ၃ မျိုးနဲ့ လာနေကြပြီး ထိုင်းနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်ပေမဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ မလိမ်ဘဲ တခြားနိုင်ငံသားတွေကိုသာ ပစ်မှတ်ထားတယ်၊ တရားမဝင်လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝလာပြီး အဲဒီကနေ ရုန်းထွက်ကာ ထိုင်းနိုင်ငံရဲ့ အဆင်ပြေတဲ့ လူနေမှုစနစ်မှာ အခြေချနေထိုင်တယ်၊ နောက်တဖွဲ့က ငွေကြေးခဝါချဖို့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတယ်၊ ဟန်ပြလုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ အဆိုပါဌာနမှူးက ပြောပါတယ်။
ဒါတွေကို ကာကွယ်ဖို့အတွက် အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုတင်းကျပ်စွာ စိစစ်ဖို့၊ ငွေကြေးစီးဆင်းမှုတွေ စေ့စပ်သေချာစွာ စစ်ဆေးဖို့၊ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ ငွေကြေးခဝါချမှုတွေ မထိန်းချုပ်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုအညွှန်းကိန်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ထိုင်းပညာရှင်တွေက သတိပေးထားပါတယ်။
ချင်းမိုင်နဲ့ တာ့ခ်ခရိုင်ဟာ မြန်မာနိုင်ငံ ရွှေတြိဂံဒေသ ဒါမှမဟုတ် မြဝတီခရိုင်ဘက်က ကျားဖြန့်ဂိုဏ်းတွေ ရွှေ့ပြောင်းနေထိုင် နားခိုရာ နေရာတခု ဖြစ်လာသလို ကမ္ဘောဒီးယားဘက်က ကျားဖြန့်ဂိုဏ်းဝင်တွေဟာလည်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲနောက်ပိုင်းမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ပြောင်းရွှေ့လာကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: ThaiPBS










