
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ဆက်စပ်တယ် ဆိုပြီး တရုတ်နိုင်ငံသား ၅၂ ယောက်အပါအဝင် လူအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်က မေ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မေ ၄ ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းအတွင်း မိုင်းပန်မြို့နယ် ကျိုင်းတောင်း–မိုင်းပန် ကားလမ်းအနီး စစ်ဆင်ရေးလုပ်ဆောင်ရာ “ဝ” အမျိုးသားတယောက်၊ ရှမ်းအမျိုးသမီး ၂ ယောက်၊ လားဟူ အမျိုးသမီးတယောက်နဲ့ တရုတ်နိုင်ငံသား ၅၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုနဲ့အတူ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ စခန်းတခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီစခန်းဟာ ကျိုင်းတောင်း–မိုင်းပန်သွား ကားလမ်းရဲ့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာမှာ တည်ရှိပြီး အဆောက်အအုံတွေထဲမှာ မီးရှို့ဖျက်ဆီးထားတဲ့ ကွန်ပျူတာတွေ၊ အလုပ်ရုံ ၃ ရုံ၊ လူနေတဲ ၈ လုံး၊ ကွန်ပျူတာ ၁၂ လုံး၊ Starlink စက် ၄ လုံးနဲ့ မီးစက်အကြီး ၂ လုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းပန်ဒေသခံတယောက်က “အခုလို ကျားဖြန့်လုပ်ငန်းတွေကို ဒေသတွင်းမှာ ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားနေရပေမဲ့ တကယ်တမ်း ဘယ်လောက်အထိ အမြစ်ပြတ်အောင် နှိမ်နင်းနိုင်မလဲ ဆိုတာကိုတော့ ဒေသခံတွေ စောင့်ကြည့်နေကြပါတယ်။ ဖမ်းဆီးမှုတွေ ရှိနေသလို တရုတ်နိုင်ငံသားတွေ နေ့တိုင်း ဝင်ထွက်သွားလာနေတာလည်း ဆက်ရှိနေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးရမိထားသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ စစ်အာဏာရှင်က ဆိုပါတယ်။
မကြာသေးခင်ကလည်း မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေနဲ့ နိုင်ငံခြားသားတွေပါဝင်တဲ့ ကျားဖြန့်ကွန်ရက်တွေကို ဒေသအများအပြားမှာ ဆက်တိုက် ဖမ်းဆီး နေတယ်လို့ သိရပါတယ်။










