DVB Logo
Home
ဆောင်းပါး
မြန်မာ့ဒီမိုကရေစီကို ဓားပြတိုက်လုယူခြင်း 
DVB
·
April 30, 2026
မြန်မာ့ဒီမိုကရေစီကို ဓားပြတိုက်လုယူခြင်း 
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းပြီး ၅ နှစ်အကြာ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ “မလွှဲမရှောင်သာ လက်ခံလိုက်ရတဲ့ အခြေအနေ”တရပ် ဖြစ်လာပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ တုန်းကလို တင့်ကားတွေနဲ့ ခြိမ်းခြောက် အကြမ်းဖက်အုပ်ချုပ်တဲ့ အာဏာသိမ်းမှုမျိုးနဲ့ မတူခဲ့ပါဘူး။ မင်းအောင်လှိုင် ဦးဆောင်တဲ့ ဒီတကြိမ် အာဏာသိမ်းမှုဟာ တနိုင်ငံလုံး အုံကြွမှုကြီးနဲ့ ကြုံခဲ့ရပါတယ်။ ဒီအုံကြွမှုကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေ စုပေါင်းပါဝင်တဲ့ သန္နိဋ္ဌာန်ခိုင်မာတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လို့ ခေါ်တဲ့ စစ်ကောင်စီဟာ နောက်ဆုံးမှာတော့ အသာစီးရသွားခဲ့ပါတယ်။ အကြောင်းရင်းတွေကတော့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကြားက ညီညွတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အာဏာ လက်ရှိဖြစ်နေခြင်းရဲ့ အားသာချက်၊ တော်လှန်ရေးအဖွဲ့တွေကြားက အကွဲအပြဲနဲ့၊ အင်အားကြီးနိုင်ငံတွေကြားက ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေကြောင့်ပါပဲ။

တကယ်တော့ ဗဟိုအစိုးရရဲ့ အာဏာသက်ရောက်မှု အားနည်းတဲ့ နယ်စပ်ဒေသတွေဖြစ်တဲ့ ရှမ်း၊ ကရင်၊ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ်တွေမှာ ပြည်တွင်းစစ်က ပြင်းထန်နေပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ အပိုင်း ၃ ပိုင်းနဲ့ ဟန်ပြရွေးကောက်ပွဲလုပ်၊ သမ္မတရာထူးကို ရယူပြီး သူ့ရဲ့ အတင်းအကျပ် အာဏာတည်ဆောက်မှုကို အထမြောက်စေခဲ့ပါပြီ။ ဒီရွေးကောက်ပွဲတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်ခဲ့တာလည်း မဟုတ်သလို အပြိုင်အဆိုင်လည်း မရှိခဲ့ပါဘူး။ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) ကပဲ ကြီးစိုးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ မှာ အပြတ်အသတ်နိုင်ခဲ့တဲ့ NLD ပါတီကို ချန်လှပ်ထားခဲ့ပါတယ်။ အဲဒီလို လူထုက ထပ်တလဲလဲ ရွေးကောက်တင်မြှောက်တာတွေက စစ်တပ်အတွက် အမြဲတမ်း စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့ရဲ့ ၂၀၀၈  ဖွဲ့စည်းပုံအရ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း အခွင့်ထူးနဲ့ အငြိမ်းစားယူဖို့ လပိုင်းပဲလိုတော့တဲ့ မင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင် နိုင်ငံရေးအနာဂတ်ကိုပါ ခြိမ်းခြောက်နေခဲ့လို့ပါပဲ။

ရွေးကောက်ပွဲတွေကို ကြိုတင်ဇာတ်တိုက်ထားတဲ့ ဟာသပြဇာတ်တခုလို့ လူအများက သတ်မှတ်ထားကြပေမဲ့ ရလဒ်ကတော့ စစ်ခေါင်းဆောင်အတွက် အရှိန်အဟုန်နဲ့ လုပ်ပိုင်ခွင့်တချို့ကို ပြန်လည်ရရှိစေခဲ့ပါတယ်။ လက်နက်ကိုင်တပ်တွေကို ဦးဆောင်ဖို့ သစ္စာရှိတဲ့ ဆက်ခံသူတယောက်ကို ခန့်အပ်၊ သူ့ရဲ့ သမ္မတရာထူးအတွက် အရပ်သားအစိုးရ မျက်နှာဖုံးတခုကို ဖန်တီးလိုက်တဲ့အတွက် မင်းအောင်လှိုင်ဟာ အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ အသင့်ဖြစ်နေပါပြီ။ သူ့ရဲ့ နောက်ခြေလှမ်းတွေကတော့ လက်ရှိမှာ NLD ခန့်အပ်ထားတဲ့ သံအမတ်နေရာ ယူထားတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကို ပြန်လည်ရယူဖို့နဲ့ ၂၀၂၉ ခုနှစ်မှာ ဆိုင်းငံ့ခံထားရတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာကို ရဖို့ ကြိုးပမ်းလာတာတွေ ဖြစ်လာပါလိမ့်မယ်။

တချိန်တည်းမှာပဲ အချိန်ဆွဲခံရပြီး လှည့်ကွက်တွေကြား နစ်နာခဲ့ရတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဆိုတဲ့ ထီးရိပ်အသစ်တခု အောက်မှာ ပြန်လည်စုစည်းနေကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေကတော့ ကြီးမားကျယ်ပြန့်ဆဲပါ။ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ဖို့တွေကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒီလို မွန်မြတ်တဲ့ ရည်မှန်းချက်တွေကပဲ အတိုက်အခံတွေဟာ စစ်အာဏာရှင်ကို ရင်ဆိုင်ရာမှာ နိုင်ငံရေးအရ စုစည်းညီညွတ်မှုနဲ့ မဟာဗျူဟာမြောက် ထိရောက်မှုအပိုင်းမှာ ဘယ်လောက်အထိ အလှမ်းဝေးနေသေးသလဲ ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ပြန်လည်သုံးသပ်ကြည့်ရင် တော်လှန်ရေးအင်အားစုတွေမှာ အခွင့်အရေးကောင်းတခု ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ အကြိတ်အနယ် တိုက်ပွဲဝင်ခဲ့ပြီးနောက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဟန်ချက်ညီ ထိုးစစ်တွေကြောင့် နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်လယ်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲကြီးစွာနဲ့ ရယူနိုင်ခဲ့တဲ့ စစ်မြေပြင်က အရှိန်အဟုန်ကို ခိုင်မာတဲ့ နိုင်ငံရေးအဖွဲ့အစည်းနဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ကြပါဘူး။ အားနည်းတဲ့ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှုမရှိတာနဲ့ အတွင်းပိုင်း နှောင့်နှေးကြန့်ကြာမှုတွေ ကြောင့် NUG ဟာ ဒီအခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ပါဘူး။

ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ ပြင်ပ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေက အဆုံးအဖြတ် ပေးလာပါတယ်။ သြဇာအကြီးဆုံး ပြင်ပနိုင်ငံဖြစ်တဲ့ တရုတ်ဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပါတယ်။ နယ်စပ်တလျှောက် မတည်ငြိမ်မှုတွေနဲ့ မြန်မာနိုင်ငံက ပြည်နယ်ငယ်လေးတွေအဖြစ် ပြိုကွဲသွားမှာကို စိုးရိမ်လာတဲ့ ပေကျင်းအစိုးရဟာ အဖွဲ့အားလုံးနဲ့ သတိထားဆက်ဆံတဲ့ အနေအထားကနေ စစ်ကောင်စီ (SAC) ကို လက်တွေ့ကျကျ ကူညီထောက်ပံ့တဲ့ဘက်ကို ပြောင်းလဲသွားပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေအတွက် ကြားဝင် စေ့စပ်ပေးလာတယ်။ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးလာခဲ့တယ်။ ဒီနည်းအားဖြင့် တရုတ်ဟာ စစ်ကောင်စီရဲ့ အနေအထားကို တည်ငြိမ်သွားအောင် ကူညီပေးခဲ့ပါတယ်။ ရုရှားဆီက လက်နက်ထောက်ပံ့မှုတွေ ထပ်ရခဲ့သလို စစ်မှုထမ်းဥပဒေနဲ့ သယံဇာတကရတဲ့ ဝင်ငွေတွေကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ SAC ဟာ ပြန်လည်အသက်ရှူချောင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရေဟာ ပြောင်းပြန်လှည့်သွားခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အာဆီယံဟာ အချိုးအကွေ့တခုကို ရောက်နေပါတယ်။ ၂၀၂၁ ဧပြီလကတည်းက အာဆီယံဟာ အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကတဆင့် ကြားဝင်စေ့စပ်ပေးဖို့ ဆိုတဲ့ ‘ဘုံသဘောတူညီချက် ၅ ရပ်’ (5PC) ကိုပဲ ဖက်တွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဒါကို အမြဲတမ်း မျက်ကွယ်ပြုနေတဲ့အတွက် 5PC ဟာ တဖြည်းဖြည်း အနှစ်သာရ ကင်းမဲ့လာပါတယ်။ မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ခွင့်ပိတ်လိုက်တာဟာ အရေးပါတဲ့ သင်္ကေတပြ ပြစ်ဒဏ်တခု ဖြစ်ခဲ့ပေမဲ့ အခုလို စစ်အာဏာရှင်က အရပ်သားအစိုးရ အသွင်ပြောင်းပြီး ခေါင်းဆောင်နေရာ ပြန်ယူလာတဲ့ အခါမှာတော့ အဲဒီပိတ်ပင်မှုက ထိရောက်မှု နည်းသွားပုံ ရပါတယ်။

ရွေးကောက်ပွဲအပြီး အာဏာခိုင်မာလာမှုက အာဆီယံအတွက် ခက်ခဲတဲ့ ရွေးချယ်စရာတခု ဖြစ်လာစေပါတယ်။ မြေပြင်မှာ လက်တွေ့အသက်မဝင်တော့တဲ့ ဘုံသဘောတူညီချက်ကိုပဲ ဆက်လက်ဖက်တွယ်ထားမလား၊ ဒါမှမဟုတ် သဘောကျစရာ မကောင်းပေမဲ့ လက်တွေ့ အခြေအနေအသစ်တွေနဲ့ ကိုက်ညီအောင် ချဉ်းကပ်ပုံကို ပြောင်းလဲမလား ဆိုတာပါပဲ။ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာဟာ စစ်အုပ်ချုပ်ရေးကို ပုံမှန်ကိစ္စလို ဖြစ်သွားစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါပေမဲ့ ဖိအားပေးနိုင်တဲ့ အင်အားမရှိဘဲ ဆက်လက် ဖယ်ကြဉ်ထားမယ်ဆိုရင်လည်း အာဆီယံရဲ့ အခန်းကဏ္ဍက အရေးမပါတော့တဲ့ အန္တရာယ် ရှိနေပါတယ်။

အာဆီယံအနေနဲ့ ဆက်ပြီး အရေးပါတဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ချင်ရင် လုပ်ထုံးလုပ်နည်း သံတမန်ရေးရာကနေ အဆင့်တက်ပြီး မြန်မာ့အကျပ်အတည်းရဲ့ အဓိက နိုင်ငံရေးအနှစ်သာရကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ ဆိုလိုတာက အဖွဲ့ဝင်နိုင်ငံတွေကြား ပိုမိုညီညွတ်တဲ့ ရပ်တည်ချက်တခု ဖော်ဆောင်ဖို့၊ ပြင်ပသက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၅ နှစ်က စီးပွားရေးတိုးတက်မှုနဲ့ ဗဟုဝါဒ အနာဂတ်အတွက် ကတိပြုထားတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လုပ်ပိုင်ခွင့်ကို လုယူခဲ့တဲ့ ဒီ တရားမဝင် စစ်အာဏာရှင်အစိုးရကို အသိအမှတ်ပြုမလား၊ ဆန့်ကျင်မလား ဒါမှမဟုတ် ဆက်ဆံရေးပုံစံသစ်တခု ဖန်တီးမလား ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ စုပေါင်းဆုံးဖြတ်ကြရပါလိမ့်မယ်။

ထိုင်းနိုင်ငံကတော့ ဒီလိုချဉ်းကပ်မှုမှာ ရှေ့တန်းကနေ ထွက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဟာ ရွေးကောက်ခံ ဝန်ကြီးချုပ်သစ် အနုထင်း ကိုယ်စား သမ္မတ မင်းအောင်လှိုင်ဆီ သွားရောက်ပြီး အသိအမှတ်ပြုမှု ပြသခဲ့ပါတယ်။ ဒါပေမဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လိုအပ်နေသေးကြောင်း ထိုင်းကိုယ်စားလှယ်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနဲ့ ကီလိုမီတာ ၂,၄၀၀ ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်းအလုပ်သမား အရေးတွေသာမက မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ အွန်လိုင်း ကျားဖြန့်ငွေလိမ်စင်တာတွေ အပါအဝင် တရားမဝင် ရာဇဝတ်မှု ပြဿနာတွေနဲ့ပါ ဆက်စပ်နေ ပါတယ်။

ထိုင်းအစိုးရကတော့ တခြားအာဆီယံနိုင်ငံတွေနဲ့မတူဘဲ နယ်စပ်ချင်း ထိစပ်နေတဲ့ ရှေ့တန်းနိုင်ငံတခု အနေနဲ့ မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ရှုမြင်ထားပါတယ်။ တချိန်တည်းမှာပဲ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေကို အားပေးပြီး NUG နဲ့လည်း ဆက်သွယ်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒီချဉ်းကပ်မှုက အလောင်းအစား ကြီးပါတယ်။ တကယ်လို့ စစ်အုပ်စုဘက်က ခိုင်မာတဲ့ အလျှော့ပေးမှုတွေ မရ၊ တော်လှန်ရေးအဖွဲ့တွေရဲ့ တဖြည်းဖြည်း ပါဝင်လာမှုလည်း မရှိဘဲနဲ့ ရှေ့ကို လွန်လွန်ကျွံကျွံ တိုးသွားမယ်ဆိုရင် ဒါဟာ သွေးစွန်းနေတဲ့ မင်းအောင်လှိုင်ရဲ့ လက်တွေကို ဆေးကြောပေးလိုက်ရာ ရောက်သွားနိုင်ပါတယ်။ မြန်မာ့အကျပ်အတည်းကို စီမံခန့်ခွဲနေတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို ပိုပြီး ထိခိုက်ပျက်စီးသွားစေနိုင်ပါတယ်။

သီထိနန်း ဖုန်းစုသီရက်

Ref: Bangkok Post

ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Thitinan Pongsudhirak ရေးသားထားသည့်  “Myanmar's robbery of a democracy” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။

(ဆောင်းပါးရှင် Thitinan Pongsudhirak သည် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန လက်အောက်ရှိ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျု (ISIS) မှ ပါမောက္ခနှင့် အကြီးတန်း သုတေသီတဦး ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် ပါရဂူဘွဲ့အတွက် တင်သွင်းသော အကောင်းဆုံးကျမ်း (Top dissertation prize) ဖြင့် ပါရဂူဘွဲ့ကို London School of Economics မှ ရရှိခဲ့သည်။ အာရှထုတ်ဝေသူများအသင်းမှ ထင်မြင်ယူဆချက် ရေးသားမှုဆိုင်ရာအကောင်းဆုံးဆုကို ရရှိခဲ့ပြီး သူ၏ အမြင်များနှင့် ဆောင်းပါးများကို ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခြင်းခံရသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013