
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ၃၂ ရက် ကြာ ခရီးထွက်ပြီး မဲဆွယ်စည်းရုံးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
လာမဲ့ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲဟာ ကွန်ဂရက်လွှတ်တော်မှာ ဘယ်ပါတီက ထိန်းချုပ် နိုင်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။
ဒါ့အပြင် အဲဒီရွေးကောက်ပွဲဟာ ထရမ့်ပ်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအပေါ် ပြည်သူတွေက ဘယ်လိုရှုမြင်ကြသလဲ ဆိုတာကို အကဲဖြတ်နိုင်မဲ့ လူထုဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။
ဒါကြောင့် ကျန်ရှိနေသေးတဲ့ သမ္မတ သက်တမ်း ၂ နှစ်အတွင်း ထရမ့်ပ်ရဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ အစီအစဉ်တွေမှာ လွှတ်တော်ဘက်က ထိန်းကြောင်းရင်း ဟန့်တားနိုင်မလား ဆိုတာကိုပါ စောင့်ကြည့် ရဖို့ ရှိပါတယ်။
တကယ်လို့သာ ဒီမိုကရက်တွေက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်စလုံးကို ထိန်းချုပ် သွားနိုင်မယ်ဆိုရင် ထရမ့်ပ်အနေနဲ့ တတိယအကြိမ် စွပ်စွဲပြစ်တင်ခံရနိုင်တယ်ဆိုပြီး သူကိုယ်တိုင် ထင်ကြေးပေးထားပါတယ်။
လွန်ခဲ့တဲ့တပတ် Wall Street Journal ရဲ့ စစ်တမ်းအရ ဆိုရင်တော့ ထရမ့်ပ်ကို ထောက်ခံတဲ့နှုန်းက ၃၇ ရာခိုင်နှုန်းသာ ရှိတဲ့အလျောက် ဒါဟာ သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်ခင် သမ္မတ တယောက်အတွက် အနိမ့်ဆုံးအတိုင်းအတာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ရီပတ်ဘလစ်ကန် ခေါင်းဆောင်ရဲ့ အောင်မြင်မှုတွေကို ချီးကျူးဖော်ပြထားတဲ့ မဲဆွယ်စည်းရုံးရေးပုံစံ ကြော်ငြာတွေ ဖန်တီးဖို့ DHS - ပြည်ထဲရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၂၀ အထိ သုံးစွဲခဲ့တာကြောင့် စိစစ် ဝေဖန်ခံနေရပါတယ်။
ဒါဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကို မလျော်မကန် အသုံးပြုတာဖြစ်သလို ဝါဒဖြန့် ဆန့်ကျင်ရေး ဥပဒေတွေအပေါ် ချိုးဖောက်ရာရောက်တယ်လို့လည်း ဒီမိုကရက်နဲ့အတူ ရီပတ်ဘလစ်ကန် အမတ် တွေကပါ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန်အတွက် ထရန့်ပ်ဟာ အခရာ အကျဆုံးသူအဖြစ် ဆက်ရှိနေတဲ့အပြင် အခုလအတွင်း ပထမဆုံး သက်တမ်းဝက်ရွေးကောက်ပွဲဆိုင်ရာ ပါတီညီလာခံကိုပါ တက္ကဆက် ပြည်နယ်မှာ ကျင်းပခဲ့ပါသေးတယ်။
ရီပတ်ဘလစ်ကန် ထောက်ခံသူတွေကတော့ မဲလာပေးနိုင်ခြေ နည်းပါးတဲ့ မဲဆန္ဒရှင်တွေကို ထရမ့်ပ် အနေနဲ့ အောင်မြင်စွာ စည်းရုံးနိုင်လိမ့်မယ်ဆိုပြီ ယုံကြည်ထားကြပါတယ်။
၂၀၂၄ ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲကို အနိုင်ရခဲ့သလိုမျိုး ထရမ့်ပ် ကိုယ်တိုင် ထပ်ပြီး မဲဆွယ် စည်းရုံးသွားမှာ ဖြစ်တဲ့အကြောင်း မဟာမိတ်တွေအနေနဲ့ ကတိပေးထားပါတယ်။
Source:Reuters










