
မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လစ်ဘရယ်ဗဟိုပြုပါတီက အနိုင်ရရှိခဲ့တာကြောင့် မော်ရိုကိုဘုရင် ဆဋ္ဌမမြောက် မိုဟာမက်က ဖာတီမာအက်ဇာဟာ အယ်လ်မန်ဆိုရီကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် စက်တင်ဘာ ၂၉ ရက်မှာ ခန့်အပ်လိုက်တယ်လို့ တော်ဝင်နန်းတော်က ကြေညာပါတယ်။
ဘုရင်ဟာ အစိုးရသစ် ဖွဲ့စည်းဖို့ အယ်လ်မန်ဆူရီကို တာဝန်ပေးအပ်ခဲ့ကြောင်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အယ်လ်မန်ဆူရီရဲ့ စစ်မှန်ရေးနဲ့ ခေတ်မီရေးပါတီ (PAM) ကို ၂၀၀၈ ခုနှစ်က ဘုရင့်အကြံပေးပုဂ္ဂိုလ်တယောက်က တည်ထောင်ခဲ့တာဖြစ်ပြီး လူမှုရေးခေတ်မီတိုးတက်မှုနဲ့ လောကီဆန်တဲ့ အယူအဆတွေကို ထောက်ခံ အားပေးရင်း အစ္စလာမ်မစ် တရားမျှတမှုနဲ့ ဖွံ့ဖြိုးရေးပါတီ (PJD) ရဲ့ ပြိုင်ဘက်အနေနဲ့ ရပ်တည်လာခဲ့တာပါ။
မော်ရိုကိုဟာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ တခြား အဓိကကျတဲ့ ကိစ္စရပ်တွေမှာ ဘုရင်က အာဏာအပြည့်အဝ ဆက်လက်ထိန်းသိမ်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခံ ဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်စားလှယ်များအိမ်တော်မှာ အမတ်နေရာ အများဆုံးအနိုင်ရတဲ့ နိုင်ငံရေးပါတီကနေ အစိုးရအဖွဲ့ခေါင်းဆောင်ကို ဘုရင်က ခန့်အပ်ရတာ ဖြစ်ပါတယ်။
မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ဘုရင် ဆဋ္ဌမမြောက် မိုဟာမက် က အမျိုးသမီးအကြံပေးတယောက်ကို ခန့်အပ်ခဲ့ဖူးသလို နိုင်ငံရဲ့ အဓိက အဖွဲ့အစည်းဆိုင်ရာ ရာထူးတွေမှာလည်း အမျိုးသမီးတွေကို ခန့်အပ်တာတွေ ရှိခဲ့ပါတယ်။
ရာထူးက ထွက်ခွာတော့မဲ့ အစိုးရအဖွဲ့မှာဆိုရင် အမျိုးသမီးဝန်ကြီး ၄ ယောက် ပါဝင်ခဲ့ပါတယ်။










