
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ ၅၀ ကျော် ရှိခဲ့တာကြောင့် TNLA အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
ကောင်းတပ်ကျေးရွာမှာ မေ ၃၁ ရက်က ယမ်းသိုလှောင်ရုံတခု အပြင်းအထန် မီးလောင်ပေါက်ကွဲခဲ့လို့ သေဆုံးသူ ၅၀ ကျော် ရှိခဲ့ပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
ဒီပေါက်ကွဲမှုဖြစ်စဉ်မှာ ကလေးငယ်တွေ အပါအဝင် အမျိုးသား ၃၀၊ အမျိုးသမီး ၂၅ ယောက် စုစုပေါင်း ၅၅ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကလည်း ၇၀ ကျော်ရှိပြီး အရပ်သားပြည်သူတွေ အများကြီး ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ချောက်ချားဖွယ်ရာဖြစ်ရပ် ဖြစ်သလို ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အသေးစိတ်အမှန်ကို မသိရသေးတဲ့အတွက် အမှန်တရားကို ချပြနိုင်ဖို့ အုပ်ချုပ်သူ TNLA ဘက်က စုံစမ်းစစ်ဆေးပေးဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ တာဝန်ရှိသူတယောက်က “TNLA အနေနဲ့က အများကြီး တာဝန်ရှိတယ်ပေါ့နော်။ ဒီဖြစ်စဉ် ပေါက်ကွဲမှုက လူအများအပြား သေဆုံး ထိခိုက်ဒဏ်ရာ ရရှိတာ ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့လည်း တောင်းဆိုချင်တယ်။ ဒီပြည်သူတွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ ဘဝပြန်လည်ထူထောင်ရေးတွေအတွက်ကိုလည်း လုံလောက်တဲ့ ပံ့ပိုးမှုတွေအနေနဲ့ တာဝန်ယူပေးတာမျိုးတွေလည်း ဖြစ်စေချင်တယ်။ နောက်တခုက နောက်နောင် ဒီလိုကိစ္စတွေ မဖြစ်အောင်လည်း သေချာ စစ်ဆေးတာတွေ၊ လုပ်ဆောင်တာတွေ၊ အဓိက လူထုရဲ့ အန္တရာယ်ကင်းရှင်းရေး အပိုင်းကို အဓိကထားပြီးမှ လုပ်ငန်းဆောင်ရွက်တာမျိုးတွေကိုလည်း သေချာ ကြပ်မတ်တာမျိုးတွေကိုလည်း သေချာ လုပ်ဆောင်စေချင်တယ်” လို့ ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းဟာ မဟာမိတ် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှိတဲ့ရန်ပုံငွေတွေနဲ့ အရေးပေါ်အကူအညီတွေ တုံ့ပြန်ဆောင်ရွက်သွားဖို့ ရှိသလို အရေးပေါ်လိုအပ်တဲ့ စားသောက်ရေး၊ အကူအညီပံ့ပိုးမှုတွေနဲ့ ပြန်လည်ထူထောင်ရေးအတွက် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU) ကလည်း လက်ရှိဖြစ်စဉ်အပေါ် TNLA အနေနဲ့ သင်ခန်းစာယူပြီး တာဝန်ယူမှုရှိဖို့ တိုက်တွန်းထားပါတယ်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) တာဝန်ရှိသူက “ထိခိုက်မှုအပေါ်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့ လိုအပ်တယ်။ ပြီးတော့ ထိခိုက်နစ်နာသူတွေ အားလုံးကို ထိရောက်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ နစ်နာကြေးတွေ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တယ်။ တာဝန်ရှိတဲ့သူတွေကိုလည်း ကျမတို့ ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝ ရှိရမှာပေါ့လေ နော်” လို့ ပြောပါတယ်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) ကတော့ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကူညီပေးနေတာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် တရွာလုံးနီးပါး ထိခိုက်ပျက်စီးပြီး အိမ်အလုံး ၂၀ နီးပါးကတော့ လုံးဝပျက်စီးသွားခဲ့တာပါ။ ဒါ့ကြောင့် ဒေသခံအများစုဟာ အနီးအနားရွာတွေနဲ့ ဆွေမျိုးတွေဆီ သွားရောက်ခိုလှုံနေကြရပါတယ်။
မြေပြင်မှာ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တခုကလည်း ဇွန် ၁ ရက်အထိ ရှာဖွေရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပြီး ပရဟိတလုပ်ကိုင်နေသူတယောက်က ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
“ထိခိုက်ပျက်စီးသွားတဲ့ အိမ်တွေ များတဲ့အတွက် သူတို့အတွက် ပြန်လည်ထူထောင်ရေးအတွက် သေချာ စာရင်းကောက်ယူပြီးတော့မှ တကယ်ကို ပျက်စီးသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ဖို့ ခက်ခဲသလားပေါ့။ အဲဒီအခြေအနေလေးတွေအပေါ်မှာ အားလုံး ဝိုင်းဝန်းပြီးတော့ ကူညီကြရင် ကောင်းပါတယ်။ တချို့ဆို အသက်တွေ ဆုံးရှုံးသွားတဲ့အပြင် သူတို့မှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေက အုန်းဆို ဖြစ်သွားတဲ့အချိန်မှာ ပိုင်ဆိုင်မှုတွေက အကုန်လုံး တစစီဖြစ်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအတွက် ဝိုင်းဝန်းပြီး ပြန်လည်ထူထောင်ပေးရင် ကောင်းပါတယ်။”
တအာင်းပြည်ကောင်စီ (TLC) ကလည်း သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်တွေ အနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ဒီဖြစ်စဉ်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်နဲ့ တာဝန်ရှိသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။
ပေါက်ကွဲစေတဲ့ ဘယ်လို ယမ်းလက်နက်တွေပဲ ဖြစ်ဖြစ် စစ်ရေးဆိုင်ရာပစ္စည်းတွေကို ပြည်သူတွေနဲ့ အနီးကပ်ဆုံးနေရာတွေမှာ ထားရှိတာမျိုး၊ သိုလှောင်တာမျိုး မပြုလုပ်ဖို့နဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆိုရင်လည်း လူထုကို အရင်ချပြသင့်တယ်လို့ ဆိုပါတယ်။
TNLA ဘက်ကတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ယမ်းပျော့တွေဟာ PSLF/TNLA စီးပွားရေးဌာနရဲ့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် သိုလှောင်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
ဒါ့အပြင် ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ထိရောက်စွာ အရေးယူမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။










