ဟော်မုဇ်ရေလက်ကြားမှာ တောင်ကိုရီးယားသင်္ဘောကုမ္ပဏီ (HMM)ရဲ့ ကုန်တင်သင်္ဘောတစင်းဟာ ကျောဘက်ဟာ မေ ၄ ရက်က အမျိုးအမည်မသိ အရာဝတ္ထု ၂ ခုက ဝင်တိုက်မိခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်မှာ ပြောပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နားမှာ ကျောက်ချရပ်နားထားတဲ့ HMM သင်္ဘောပေါ်ကို မေ ၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ အရာဝတ္ထုတွေက ဘယ်ဘက်ကျောဘက်ဆီ ဝင်တိုက်မိခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်မိမှုကြောင့် ၇ မီတာ x ၅ မီတာ ကျယ်တဲ့နေရာက မီးလောင်ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူက ပြောဆိုခဲ့ပြီး ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
ဒီဖြစ်ရပ်ဟာ ပင်လယ်မိုင်းကွဲတာ ဒါမှမဟုတ် သင်္ဘောရဲ့ အင်ဂျင်၊ ဂျင်နရေတာ ဒါမှမဟုတ် ဘွိုင်လာ တို့မှာ ပြဿနာတခုခုဖြစ်တာကြောင့် ဖြစ်တာမဟုတ်နိုင်ဘူးလို့လည်း အရာရှိက ထပ်ပြောပါတယ်။
မီးလောင်အပြီး သင်္ဘောကို ဒူဘိုင်းဆိပ်ကမ်းဆီ ဆွဲယူသွားခဲ့ပြီး မေ ၈ ရက်မှာ ကွင်းဆင်းစစ်ဆေးခဲ့ကာ တောင်ကိုရီးယားအစိုးရကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။










