
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မေ ၈ ရက် မနေ့ညက မိုးသက်လေပြင်း တိုက်ခတ်လို့ စေတီထီးတော် တိမ်းစောင်းခဲ့ပြီး လူနေအိမ် ၅၂ လုံး ပျက်စီးခဲ့တယ်လို ဒေသခံတွေဆီက သိရ ပါတယ်။
ည ၉ နာရီကျော်လောက်က လေပြင်းတိုက်ခတ်ပြီး ငါးဖားကျေးရွာမှာရှိတဲ့ ဉာဏ်တော် ၃၂ ပေရှိ ဇိနမာန်အောင်စေတီတော် ထီးတော်တိမ်းစောင်းခဲ့ပြီး သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာစတဲ့ ကျေးရွာတွေက လူနေအိမ် ၅၂ လုံး နဲ့ အ.မ.က စာသင် ကျောင်း အမိုးလန် ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်နေသူတယောက်က “အိမ်တွေမနည်းဘူး ပျက်စီးကုန်တာ။ ပျက်စီးတဲ့ အထဲမှာ အမိုးလန်ပျက်စီးတဲ့ အိမ်တွေကများတယ်။ လုံးဝ ပြိုကျတဲ့ အိမ်တွေလည်းပါတယ်။ လူတွေ ထိခိုက်တာမရှိပါဘူး” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ငါးဖားကျေးရွာက နေအိမ် ၁၇ လုံး၊ သဲဖြူကျေးရွာက နေအိမ်၂၇ လုံး၊ ရေကျော်ကျေးရွာက နေအိမ် ၈ လုံးနဲ့ ငါးဖားကျေးရွာ အ.မ.က စာသင်ကျောင်း တကျောင်း အမိုးလန် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အိမ်တွေက အစုံပါပဲ။ လေက လေဆင်နှာမောင်းလိုပုံစံမျိုး တိုက်ခတ်ခဲ့တာ။ ဓနိမိုး၊ ဓနိကာနေအိမ်တွေ၊ သွပ်မိုးပျဉ်ကာ နေအိမ် တွေလည်းပါတယ်” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် အိမ်ပျက်စီးခဲ့ရတဲ့ အိမ်ထောင်စု ၅၂ စုက လေဘေးသင့်ဒေသခံတွေ ထိခိုက်တာ၊ သေဆုံးတာမရှိပေမဲ့ နေအိမ်ပြန်လည်တည်ဆောက်ဖို့ အခက်အခဲရှိတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
မကြာခင် မိုးကာလကိုရောက်တော့မှာဖြစ်လို့ မိုးကြိုကာလမှာ ဖြစ်တတ်လေ့ရှိတဲ့ လေပြင်း တိုက်ခတ်တာအပြင် ရေဘေးအန္တရာယ်ကိုပါ သတိထား နေထိုင်လုပ်ကိုင်သွားလာကြဖို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ မိုးဇလဌာနက အကြံပြုထားပါတယ်။










