
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေ ကြားကနေပဲ မူးယစ်ဆေးဝါးတွေ ပေါများလာကာ ခိုးဆိုးလုနှိုက်မှုတွေ နေ့စဉ် ကြုံနေရတာကြောင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေ အနေနဲ့ မူးယစ်ဆေးနှိမ်နင်းရေးကို ထိရောက်စွာ လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း WY စိတ်ကြွဆေးပြားတွေကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်ယူလို့ ရနေပြီး ရွာတိုင်းလိုလိုမှာ တိတ်တဆိတ် ရောင်းဝယ်နေကြတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ကျပ် ၁၀,၀၀၀ ဖိုးကို WY ၇ ပြားကနေ ၈ ပြားအထိ ရနေကာ အကျိုးဆက်အနေနဲ့ ဒီးမော့ဆို အနောက်ခြမ်းက လူနေရပ်ကွက်တွေ၊ စစ်ရှောင်စခန်းတွေနဲ့ ဆိုင်ခန်းတွေမှာ ခိုးမှုနဲ့ ဖောက်ထွင်းမှုတွေ နေ့တိုင်းလိုလို ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေါငံခါးဒေသခံတယောက်က “အဓိကကတော့ မူးယစ်ဆေးဝါး သုံးစွဲလာတာရယ်၊ စလော့ဂိမ်းဆော့လို့ ဘဝပျက်သွားတာရယ် အဲဒီလိုမျိုးတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာပေါ့။ ခိုးမှုတွေက တနေ့ တကြိမ်၊ တနေ့ နှစ်ကြိမ်လောက် ဆိုတာက မကြားရတာ ခပ်ရှားရှားရယ် အဲဒီလိုမျိုးတွေပေါ့။ အရင်တုန်းကဆို ကိုယ့်ဆိုင်ကယ် ခဏရပ်ထားလည်း ပူစရာမလိုဘူး။ ဒီနောက်ပိုင်းကျတော့ ဆိုင်ကယ်ရပ်ထားတာတောင်မှ ခဏလေးနဲ့ အဲလိုမျိုးတွေ တဖြည်းဖြည်းနဲ့ များလာမယ်၊ ခိုးလာမယ်၊ နောက်ပိုင်းကျရင် လုလာမယ်၊ လုတာကနေ ဓားပြ ဆိုတဲ့ဟာမျိုး တချို့ဆို တော်တော်စိုးရိမ်လာကြပြီ၊ အဓိက လူငယ် လူလတ်ပိုင်းတွေ များတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်ရဲဌာန (KSP) ရဲ့ စာရင်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ ၇ လအတွင်း မှုခင်းပေါင်း ၈၁ မှု အရေးယူခဲ့ရာမှာ တဝက်နီးပါးဖြစ်တဲ့ ၃၆ မှုဟာ မူးယစ်ဆေးဝါးမှု ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ အများစုကလည်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး ခိုးမှုကျူးလွန်သူ အများစုဟာ မူးယစ်ဆေးဝါး ဝယ်ယူဖို့နဲ့ စလော့ဂိမ်းဆော့ဖို့ ငွေကြေးလိုအပ်ချက်အရ ခိုးယူတာလို့ စစ်ဆေးပေါ်ပေါက်ထားပါတယ်။
ခိုးမှုကျူးလွန်သူတွေဟာ ဆိုလာပြား၊ ဘက်ထရီ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံး ကိရိယာတွေနဲ့ အရက်ပုလင်းအထိ ပေါ်တင်ခိုးယူကျူးလွန်နေတဲ့အတွက် စစ်ဘေးရှောင် ဒေသခံတွေမှာ စီးပွားရေးကျပ်တည်းတဲ့အပြင် အိုးအိမ်လုံခြုံရေးပါ စိန်ခေါ်မှု ကြီးမားလာနေတာပါ။
ဒီးမော့ဆိုဒေသခံတယောက်က “ပြောပြရမဲ့ စကားလုံးကို မရှိတော့ဘူး။ တော်တော်ဆိုးဆိုးဝါးဝါးလို့ ပြောရင်လည်း ဥပဒေက မစိုးမိုးဘူး၊ တိုင်ရင်လည်း အဖမ်းခံရရင် သုံးရက်ပေါ့၊ ပြီးရင် ပြန်လွှတ်လိုက်တာပဲ။ နေ့ခင်းဘက်တွေဆို ပေါ်တင်ကိုခိုးတာ။ အိမ်ထဲ ဝင်တယ်၊ ဆိုင်ထဲ လာတယ်၊ ပြီးရင် သူတို့နှိုက်သွားတာမျိုးတွေပေါ့။ ဆိုင်အကြီးဆိုရင်လည်း အရက်ပုလင်းတွေကအစ ဝှက်ပြီး ယူသွားတာမျိုး၊ ဆိုင်ခန်းအကုန်နီးပါးက အဖောက်ခံရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ IEC နဲ့ KSP တို့ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတယ်လို့ ဆိုပေမဲ့ ဒေသခံတချို့ တိုင်ကြားပါက သုံးရက်လောက် ဖမ်းပြီး ပြန်လွှတ်ပေးနေလို့ အရေးယူမှုအပိုင်းမှာ အားနည်းနေသေးကြောင်း ထောက်ပြကြပါတယ်။
ဒါကြောင့် ဒေသခံတွေက မူးယစ်သုံးစွဲနေသူတွေကို ဖမ်းဆီးအရေးယူမဲ့အစား ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒိုင်အကြီးတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
မောရစ်










