
ရခိုင်ပြည်နယ်မှာ ကွမ်းသီးပေါ်ချိန်အတွင်း ရရှိတဲ့ကွမ်းသီးဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆလောက် ကျဆင်းသွားတယ်လို့ ကွမ်းသီးခြံလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
၂၀၂၅ ခုနှစ်က ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီးသစ် တမောင်း (၂၅ ပိဿာ) ကို ကျပ် ၁၀ သိန်းအထိ ဈေးရှိခဲ့ပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ ကျပ် ၁ သိန်းခွဲလောက်ပဲ ရရှိတော့တာလို့ မင်းပြားက ကွမ်းသီးခြံပိုင်ရှင်တယောက်က ပြောပါတယ်။
“ဒီနှစ်အဆင်မပြေပါဘူး။ မနှစ်ကအတိုင်း ဈေးကမရဘူး။ ဈေးက ၁၀ ဆလောက် ကွာသွားတယ်။ မနှစ်က ကျပ် ၁၀ သိန်းရတဲ့ ကွမ်းသီးသစ် တမောင်းကို ကျပ် ၁ သိန်းကျော်လောက်ပဲရှိပါတယ်။ ကွမ်းသီးအဟောင်းဆို ကျပ် ၂ သိန်းလောက်ပဲရတယ်။”
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲက ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် ရခိုင်ဒေသထွက်ကွမ်းသီးတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်သွယ်နိုင်ခဲ့ပါတယ်။
ဒီလိုကုန်သွယ်နိုင်မှုကြောင့် ရခိုင်ဒေသထွက်ကွမ်းသီးဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ တမောင်း (၂၅ ပိဿာ) ကို ကျပ် ၁၈ သိန်းကနေ ၂၂ သိန်းအထိ ဈေးကောင်းရနေခဲ့ပါတယ်။
လက်ရှိ ၂၀၂၆ အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က တင်းကျပ်စွာ ကန့်သတ်လိုက်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်သူတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ လုပ်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်-ရခိုင် ကုန်သည်တယောက်က "ပြီးခဲ့တဲ့နှစ်က ကျနော် ကွမ်းသီးလည်း သယ်ဖူးပါတယ်။ ကိုယ့်ဘက်က ကွမ်းသီး သယ်တယ်။ အပြန်ကျ ဟိုဘက်ကုန်ယူတယ်။ ဒီနှစ်ကျတော့ သူတို့ ဒီဘက်က ကုန်တွေကိုလည်း မယူဘူး။ သူတို့ဘက်ကုန်တွေကိုလည်း မပေးဘူး။ သူတို့ ခွင့်ပြုမထားတဲ့ကုန်တွေ ကုန်သွယ်ရင် ဖမ်းတယ်။ ဒီတော့ ဒေသက ကွမ်းသီးတွေလည်း ဘယ်ကိုမှရောင်းမရတော့ပဲ ဒီနှစ်ဈေးအကျကြီးကျသွားတာပဲ" လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်ကစပြီး ပြည်မနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်ဟာ အစက တရားဝင်မဟုတ်တဲ့ အိန္ဒိယ-ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်-ရခိုင်ကုန်သွယ်ရေးလမ်းကြောင်း ၂ ခုကို အသုံးပြုခဲ့ပါတယ်။
၂၀၂၆ ခုနှစ်ပိုင်းအစမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်လုံခြုံရေးတင်းကျပ်လိုက်တာကြောင့် ကုန်သွယ်နိုင်မှုမရှိတော့ပါဘူး။
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း ၂၀၂၆ ခုနှစ် မေလကစပြီး တရားဝင်အနေနဲ့ သစ်တမျိုးတည်းကိုသာ ကုန်သွယ်မှုခွင့်ပြုထားတယ်လို့ အာရက္ခတပ်တော်က ဖွဲ့စည်းထားတဲ့ ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။











