ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဇူလိုင် ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားရဲ့ အကူအညီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အစည်းအဝေးကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ လက်ထောက် ယူရီ ယူရှာကော့ဗ်တို့လည်း တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးအတွင်း ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို နှုတ်ခွန်းဆက်စကား ပြောခဲ့ပြီး ယူကရိန်းပဋိပက္ခမှာ ထောက်ခံမှုအတွက် ရုရှားနိုင်ငံက မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲနဲ့ ဆက်စပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ရုရှားနဲ့ မြောက်ကိုရီးယား အစိုးရတို့ဟာ မကြာသေးမီနှစ်တွေအတွင်း ပိုနီးကပ်လာခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အာရုံစိုက်ခဲ့ကြပါတယ်။
အခုခရီးစဉ်ဟာလည်း မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား အဆင့်မြင့်ဖလှယ်မှုတွေ ဆက်တိုက် လုပ်ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့လက တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ခဲ့သလို အခုလအစောပိုင်းက မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်ထယ်ဆောင်က တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီဥက္ကဋ္ဌ ဝမ်ဟူနင်ကလည်း မြောက်ကိုရီးယားကို လာရောက်လည်ပတ်ခဲ့သေးတာပါ။
ဒါဟာ မြောက်ကိုရီးယားရဲ့ အဓိက မဟာဗျူဟာမိတ်ဖက်နှစ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းချက်တွေကို မီးမောင်းထိုးပြနေပါတယ်။
Source: Reuters











