
အမေရိကန် အောက်လွှတ်တော်ဟာ အီရန်နဲ့ အစ္စရေးကိစ္စ စိုးရိမ်မှုတွေရှိနေပေမဲ့ များပြားလှတဲ့ စစ်ရေးအသုံးစရိတ် ဒေါ်လာ ၁ ထရီလီယံတန် ဥပဒေကြမ်းကို မဲအနည်းငယ်အသာနဲ့ ဇူလိုင် ၂၂ ရက် က အတည်ပြုလိုက်ပါတယ်။
ကုန်ကျစရိတ် ပမာဏများလွန်းတာ၊ အီရန်စစ်ပွဲကိစ္စနဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို အစ္စရေးနဲ့ ပိုပြီး ထိတွေ့ဆက်ဆံစေမဲ့ အချက်တွေပါဝင်လို့ ဒီမိုကရက်တွေဘက်က စိုးရိမ်မကင်း ဖြစ်ခဲ့ကြပေမဲ့ အခုလို အတည်ပြုလိုက်တာပါ။
စစ်တပ်အတွက် စံချိန်တင် အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၁၅ ထရီလီယံအထိ သုံးစွဲခွင့်ပြုမဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးအာမခံဥပဒေကြမ်း (NDAA) ကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မဲပေးမှုကို ကြည့်ရင် ပါတီအလိုက် မဲခွဲခြားမှုအတိုင်း သိသိသာသာ ထွက်ပေါ်ခဲ့ပြီး ရီပတ်ဘလစ်ကန်ဘက်က ၇ ယောက်ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံး ထောက်ခံမဲ ပေးခဲ့ကြ သလို၊ ဒီမိုကရက်ဘက်ကလည်း ၆ ယောက်က လွဲလို့ ကျန်တဲ့သူတွေအကုန်လုံး ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်တွေဟာ လူမှုဖူလုံရေး အစီအစဉ်တွေအတွက် သုံးစွဲစရိတ်တွေကို လျှော့ချနေချိန်မှာ ပင်တဂွန်စစ်ဌာနချုပ်အတွက် ဒီလောက်ပမာဏများတဲ့ ဘတ်ဂျက် အတည်ပြုပေးတာကို ဒီမိုကရက်တွေက ကန့်ကွက်ခဲ့ကြတာပါ။
ရီပတ်ဘလစ်ကန်တွေဘက်ကတော့ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲမှာ စစ်တပ်ကို ထောက်ပံ့ဖို့၊ ကာကွယ်ရေးစနစ်တွေ တီထွင်တာနဲ့ လက်နက်ကိရိယာတွေ ဝယ်ယူဖို့အတွက် ဒီလို ဒေါ်လာ ထရီလီယံနဲ့ချီ အသုံးပြုတာဟာ မရှိမဖြစ် လိုအပ်တယ်လို့ တုံ့ပြန်ပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်တွေအတွက် လစာ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့နဲ့ စစ်တန်းလျားတွေ၊ မိသားစု အိမ်ရာတွေ ဆောက်လုပ်ရေးစတဲ့ ခံစားခွင့်တွေပေးဖို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Source:Reuters











