
မြန်မာအမျိုးသမီးတွေနဲ့ ပေါင်းသင်းနေထိုင်သူ တရုတ်နိုင်ငံသားတွေ အပါအဝင် ငွေကြေးခေါင်းပုံဖြတ်ခဲ့သူ၊ စည်းရုံးသူ ၁၂ ယောက်ကို အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်လိုက်တယ်လို့ စစ်ကောင်စီဩဇာခံ ပြန်ကြားရေးဌာနက မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်ရိပ်မွန်အိမ်ရာမှာ မမေမြတ်သူ(ခ)မေသူ နဲ့ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယားဟာ မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ်တွေ ခေါင်းပုံဖြတ်ယူနေတယ်လို့ သတင်းရတာကြောင့် အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)နဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တာမှာ မြန်မာအမျိုးသမီး ၃ ယောက်ကို တရုတ်နိုင်ငံသား ၃ ယောက်နဲ့အတူ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်နေ အမျိုးသမီးတယောက်ကို သူငယ်ချင်းဖြစ်သူက တရုတ်နိုင်ငံသားနဲ့ လက်ထပ်ရင် ငွေကျပ်သိန်း ၁၀၀၊ ရွှေတဆင်စာပေးမယ်လို့ဆိုပြီး ကြိုတင်ငွေသိန်း ၂၀ ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နေ အမျိုးသမီးတယောက်ဟာလည်း လူမှုကွန်ရက် TikTok မှာ အလုပ်ရှာဖွေခဲ့တာမှာ အမည်မမှတ်မိတဲ့ အကောင့်တခုက အဲဒီလို စည်းရုံးခံရပြီး ရန်ကုန်ကို လာဖို့ခေါ်တာကြောင့် သွားတာမှာ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်၊ မလဲ့ရည်ဝင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နေ အမျိုးသမီးတယောက်က ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်နေ တရုတ်မ(ခ)မသန်းသန်းစိုး ဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး အလုပ်လုပ်ချင်တယ်လို့ ပြောရာမှာ အဲဒီလိုပဲ စည်းရုံးခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၃ ယောက်ကို စည်းရုံးခဲ့သူတွေက မမေမြတ်သူ နဲ့ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ လင်မယား နေထိုင်တဲ့ အိမ်ရာကို ပို့ဆောင်ပေးခဲ့ပြီး သူတို့ဟာ တရုတ်နိုင်ငံသား Mr. Qin Weifeng၊ Mr.Chen Li Bing နဲ့ Mr. Shang Xu Dong ဆိုသူတို့နဲ့ တယောက်စီ ပေါင်းသင်းနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မမေမြတ်သူ တို့လင်မယားက တရုတ်နိုင်ငံသားတွေဆီက တရုတ်ယွမ် ၄၀,၀၀၀ စီ ရယူခဲ့ပြီး မြန်မာအမျိုးသမီးတွေကိုတော့ ငွေကျပ်သိန်း ၄၀ လောက်၊ လာရောက်ပို့ဆောင်ပေးသူတွေကို ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းလောက်စီပေးခဲ့ပြီး ကျန်ငွေတွေကို ခေါင်းပုံဖြတ်ရယူခဲ့တာကို စိစစ်သိရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုလုပ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ တိုင်တန်းတရားစွဲခဲ့ပြီးနောက် မတ် ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင် ခရိုင်တရားရုံးက တရားခံ မမေမြတ်သူ(ခ)မေသူနဲ့ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်စီ၊ တရုတ်နိုင်ငံသား Mr. Qin Weifeng၊ Mr.Chen Li Bing၊ Mr. Shang Xu Dong၊ မသဉ္ဇာဝင်း၊ မနှင်းဝေခိုင်နဲ့ မလဲ့ရည်ဝင်းတို့ ၆ ယောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မအေးအေးထွေးနဲ့ မသန်းသန်းစိုး(ခ)တရုတ်မ တို့ကိုတော့ တရားခံပြေးအဖြစ် ကြေညာပြီး သူပိုင်ပစ္စည်းတွေကို ဝရမ်းကပ်ထားပါတယ်။
နောက်အမှုကတော့ မကွေးမြို့နယ်၊ ရွာဟောင်းကန်ကျေးရွာနေ အမျိုးသမီးတယောက်ကိုလည်း ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာနေ မအေးချမ်းမြေ့နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာမြို့နေ မယမင်းထက်(ခ)မထက်တို့က တရုတ်နိုင်ငံ ရွှေလီမြို့က ထမင်းဆိုင်မှာ တလကို ယွမ် ၃၅၀၀၊ မြန်မာငွေ ၁၈ သိန်းလောက်ရမယ်လို့ ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အမည်မသိ တရုတ်ပွဲစားအမျိုးသမီးရဲ့ အိမ်မှာနေတုန်း တရုတ်ယောက်ျား ယူရမယ်၊ ယွမ် ၃၀,၀၀၀ ရမယ်၊ တနှစ် ပေါင်းသင်းရမယ်လို့ မယမင်းထက်(ခ)မထက်က Wechat ကတဆင့် ပြောတာကြောင့် အိမ်ပြန်ချင်တယ်လို့ ပြန်ပြောတာမှာ လမ်းခရီးကုန်ကျစရိတ်တွေကို လျော်ရမယ် ပြောလို့ အဲဒီကနေ ထွက်ပြေးပြီး ရင်းနှီးသူတယောက်အိမ်မှာ တလခွဲလောက် ရှောင်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန် တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လွှဲတာကြောင့် အမှတ် ၁၁ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) က တရားလိုလုပ်ပြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှာ တိုင်တန်းအမှုဖွင့်လို့ မတ် ၂၄ ရက်မှာ မဟာအောင်မြေခရိုင်တရားရုံးက တရားခံ မယမင်းထက်(ခ)မထက် ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်သလို တိမ်းရှောင်တရားခံ အေးချမ်းမြေ့ ကိုတော့ တရားခံပြေးအဖြစ် ကြေညာပြီး သူပိုင်ပစ္စည်းတွေကို ဝရမ်းကပ်ထားပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အင်တန်းကျေးရွာနေ အမျိုးသမီးတယောက်ဟာ မှတ်ပုံတင်လုပ်ချင်လို့ အဒေါ်ဖြစ်သူ ဒေါ်နှင်းယုလွင်ကို ဆက်သွယ်ခဲ့တာမှာ ခရေပင်ရိပ်မွန်အိမ်ရာကို ရောက်နေတယ်ပြောလို့ အဲဒီကိုသွားတာမှာ မတွေ့ဘဲ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်နေ မမေမြတ်သူ(ခ)မေသူနဲ့ ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား Mr. SHAOXUAN တို့ကို တွေ့ရှိခဲ့ပြီး မမေမြတ်သူ က တရုတ်ယောက်ျားယူရင် တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရပြီး လက်ဝတ်ရတနာတွေ ဆင်ပေးမယ်လို့ ပြောဆိုစည်းရုံးတာကြောင့် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
တပတ်လောက်အကြာမှာ မမေမြတ်သူ က ကြိုတင်ငွေသိန်း ၂၀ ပေးခဲ့ပြီး တရုတ်နိုင်ငံသား Mr. Li Wei နဲ့ ပေါင်းသင်းနေထိုင်ခဲ့ပြီး ၅ လလောက်အကြာမှာ မမေမြတ်သူ က နိုင်ငံကူးလက်မှတ် လုပ်ပြီး ဗီဇာလျှောက်ပေးသလို ရွှေလက်စွပ်၊ ရွှေနားကပ်လည်း လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအတွက် တရုတ်နိုင်ငံသားက မမေမြတ်သူ ကို အကျိုးဆောင်ခအဖြစ် ယွမ် ၄၀,၀၀၀ ပေးခဲ့ရတာ စိစစ်ပေါ်ပေါက်လို့ အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုလုပ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ တိုင်တန်းအမှုဖွင့်ခဲ့ပါတယ်။
မတ် ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက တရားခံ မေမြတ်သူ နဲ့ Mr. SHAOXUAN တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်စီ၊ တရားခံတရုတ်နိုင်ငံသား Mr. Li Wei ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။










