
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုးရွားနေပြီး နှလုံးနဲ့ အရိုးပွရောဂါကို ခံစားနေရတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဇွန် ၂၈ ရက်က ဂျပန်သတင်းဌာန Kyodo News နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
မိခင်ဖြစ်သူရဲ့ ကျန်းမာရေး ပိုဆိုးရွားလာတယ်ဆိုတာကို ကြားသိရကြောင်းနဲ့ မိခင်ဖြစ်သူ နေထိုင်ရတဲ့ ထောင်တွင်းအခြေအနေဟာလည်း ဆိုးရွားနေကြောင်း သူရရှိထားတဲ့သတင်းကို အင်တာဗျူးမှာ ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားခြင်းမရှိဘဲ နေပြည်တော်ရှိ အကျဉ်းထောင်မှာသာ ဆက်လက်ချုပ်နှောင်ထားဆဲလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ရွှေ့ပြောင်းလိုက်တယ်လို့ စစ်အာဏာရှင်ဘက်က ပြောပေမဲ့ ဘာသက်သေအထောက်အထားမှ မရှိကြောင်း ကင်မ်အဲရစ် လက်ရှိနေထိုင်ရာ လန်ဒန်မြို့မှာ အခုသီတင်းပတ်ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကင်မ်အဲရစ်က “ကျနော်တို့ ကြားရတဲ့ မိခင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခုတည်းသော သတင်းကတော့ ကျန်းမာရေး ပိုမိုဆိုးရွားလာနေတယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နှလုံးရောဂါအပြင် အရိုးပွရောဂါ အပါအဝင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားနေရတယ်လို့လည်း အဲရစ်က ပြောသည်။
အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မိခင်ဖြစ်သူထံကနေ ရရှိခဲ့တဲ့ စာတစောင်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့အတူ ပြည်တွင်း ပြည်ပမှာ မြန်မာပြည်သူတွေက လှုပ်ရှားမှုမျိုးစုံပြုလုပ်ပြီး တောင်းဆိုနေခဲ့တာ ရက်ပေါင်း ၇၀ ကျော်ရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာရှင်ဘက်ကတော့ သက်သေမပြနိုင်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။
ဒါကြောင့် မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ကိုလည်း ထပ်မံတောင်းဆိုကြောင်း ကင်မ်အဲရစ်က အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဟန့်တားနိုင်ဖို့ စစ်အာဏာရှင်ကို လောင်စာဆီထောက်ပံ့မှုတွေ ဖြတ်တောက်မဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပိုမိုပြင်းထန်စွာ လုပ်ဆောင်ကြရန်လည်း နိုင်ငံတကာအသိုက်အဝန်းကို အဲရစ်က တောင်းဆိုပါတယ်။
Source: Kyodo News










