
စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေ အခွန်ကောက်ခံရရှိနေတဲ့ ရွှေမျှောဖောင်နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာပြီး ရွှေလုပ်သားတွေအပါဝင် ကလေးနဲ့ အမျိုးသမီးတွေပါ ထိခိုက်သေဆုံးနေတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
မတ် ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့ မြောက်ချွန်းရွာအနီး ရွှေမျှောဖောင်နေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ခဲ့ကာ မတ် ၁၅ ရက်ကလည်း ကျွန်းလှမြို့ သဖန်းဆိပ်ဆည် ရွှေမျှောဖောင်းနေရာကို ဗုံးကြဲလို့ ၇ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက်ခန့် ထိခိုက်ခဲ့ပါတယ်။
မြောက်ချွန်းရွာ ရွှေမျှောဖောင်နေရာကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း တိုက်ခိုက်ခံထားရပြီး စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေ ဝင်ငွေစီးကြောင်းကို ဖြတ်တောက်ဖို့ တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ မင်းကင်း တော်လှန်အဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“မနေ့က မွန်းလွဲပိုင်းမှာ မြောက်ချွန်းမျှောကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ရှိတယ်။ တဦးသေ ၃ ဦးလောက် ဒဏ်ရာရတယ်လို့ သိထားပါတယ်။ ဒီရွှေမျှောက အခုတခါနဲ့ဆို ဒုတိယအကြိမ် တိုက်ခိုက်ခံရတာပါ။ ဒီဘက်မှာ ရွှေမျှောဖောင်တွေက တော်လှန်ရေးဘက်က ထိန်းချုပ်စိုးမိုးထားတာပေါ့။ အခွန်ကောက်တာမျိုးတွေ ရှိတယ်။ ဒါကို စစ်ကောင်စီဘက်က သိလို့ တမင် ဖြတ်တောက်ချင်လို့ ပိုပြီး တိုက်ခိုက်လာတာမျိုးတော့ တွေ့ရတယ်။”
ရွှေမျှော ဗုံးကြဲခံရပြီးနောက် လုပ်ငန်းတွေ ရပ်နားထားပြီး ရွှေလုပ်သား၊ ဈေးသည်နဲ့ ဒေသခံတွေ လေကြောင်းရန်ကို လတ်တလော တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်တပ် ထောက်ခံတဲ့ Telegram Channel တွေမှာ စစ်ကိုင်းထဲက တော်လှန်ရေးတပ်တွေ အခွန်ဘဏ္ဍာ ရရှိနေတဲ့ ရွှေလုပ်မျှောဖောင်တွေကို ဖယ်ရှာဖျက်ဆီးဖို့ လှုံ့ဆော်မှုတွ လုပ်လာပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်လောက်ကစပြိး ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်တလျောက် ရွှေမျှောနေရာနဲ့ ကျွန်းလှမြို့ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျှောနေရာတွေကို မကြာခဏ တိုက်ခိုက်လာတာပါ။
ပြီးခဲ့တဲ့ ဖေဖေါဝါရီလ ၂၂ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ် ပဲနုတ်စွပ်ရွာ ရွှေမျှောနေရာကို ဂျိုင်ရိုကော့ပတာ (Gyrocopter) နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ တပ်စခန်းနဲ့ စစ်ရေးပစ်မှတ်တွေထက် ဝင်ငွေစီးကြောင်းကို တိုက်ခိုက်ဖို့ စစ်ကောင်စီ ပိုလုပ်ဆောင်လာတယ်လို့ စစ်ရေးအခြေနေကို စောင့်ကြည့်လေ့လာနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က DVB ကို ပြောပါတယ်။
“အဓိက ဝင်ငွေစီးကြောင်း ရနေတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်ထက် ပိုပြီးတော့ တိုက်လာတယ်။ ဘာလို့လည်း ဆိုတော့ စစ်တိုက်တာသည် ပိုက်ဆံ မရှိဘဲ တိုက်လို့မရဘူး။ အထောက်ပံ့နေရာတွေကိုပဲ ရွေးပြီးတိုက်တာပါ။ စစ်ရေးပစ်မှတ်တွေကို လိုက်တိုက်နေရင် ပြီးတော့မှာ မဟုတ်ဘူး အဓိက ဝင်ငွေ စီးကြောင်းတွေကို ဖြတ်လိုက်မယ်ဆိုရင် ဘာမှ လုပ်လို့မရတော့ဘူး။ နောက်က အမြစ်ကို လိုက်ပြီး ဖြတ်တဲ့ အနေထားလို့ မြင်တယ်။”
မန္တလေးတိုင်း အတွင်းက မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်က တော်လှန်ရေးတပ်တွေ ဝင်ငွေရနေတဲ့ ရွှေတွင်း၊ သတ္တုတွင်းတွေ စစ်ကောင်စီထံ လက်လွှတ်ခဲ့ရပြီးနောက် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်နိုင်စွမ်း ကျဆင်းလာတဲ့ အခြေနေကို နမူနာယူပြီး စစ်ကိုင်းတိုင်းမှာ စစ်ရေးပစ်မှတ်ထက် အထောက်ပံ့လမ်းကြောင်းကို ပိုပြီး ရှာဖွေတိုက်ခိုက်လာတယ်လို့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ အခွန်ရနေတဲ့ ရွှေမျှောလုပ်ကွက်တွေအပြင် တော်လှန်ရေးတပ်ကို ထောက်ခံတဲ့ ရွာတွေ၊ အရပ်သားတွေ ရောနှာပြီး ကုန်စည်နဲ့ စက်သုံးဆီ ရောင်းဝယ်ဖောက်ကားတဲ့ လမ်းဆုံ လမ်းခွ နေရာတွေကို မကြာခဏ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။










