
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားကပဲ စာတန်းတွေချိတ်ဆွဲကာ ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ကနေ သိရပါတယ်။
ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် BTS ဘူတာအနီး မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “မြန်မာနိုင်ငံမှာ သွေးမြေကျနေဆဲ။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို လက်မခံပါနဲ့” လို့ အဓိပ္ပါယ်ရှိတဲ့"Myanmar is bleeding. No handshakes with a brutal dictator" လို့ရေးသားထားတဲ့ စာတန်းကို ရန်ကုန်လူထုသပိတ်နဲ့ Burmese Exile Movement (BEM) တို့က ဩဂုတ် ၇ ရက်မှာ ချိတ်ဆွဲကာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ စစ်အာဏာရှင်ကို နိုင်ငံရေးအရ တရားဝင်မှု မပေးဖို့၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်စေရေး ဖိအားပေးဖို့၊ စစ်အာဏာရှင်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသံကို အသိအမှတ်ပြုဖို့နဲ့ ထိုင်းနိုင်ငံက မြန်မာစစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စတဲ့ အချက် ၅ ချက်ကိုလည်း တော်လှန်ရေးသပိတ်အင်အားစုတွေက တောင်းဆိုပါတယ်။
စစ်အာဏာရှင် ထိုင်းကို စရောက်လာတဲ့ ဩဂုတ် ၆ ရက် မနေ့ကလည်း ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားတဲ့ အင်အားစုတချို့က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ စစ်အာဏာရှင်ကို မကြိုဆိုကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် မနေ့ ညနေ ၆ နာရီလောက်မှာတလည်း ဘန်ကောက်မြို့ OCSC (Office of the Civil Service Commission) ရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ သင်္ကေတပြ ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲအပြီးမှာတော့ "No Welcome for Criminals, Min Aung Hlaing" (ရာဇဝတ်မှုကျူးလွန်သူ မင်းအောင်လှိုင်ကို မကြိုဆိုပါ) လို့ ရေးသားထားတဲ့ စာတန်းကို OCSC ရုံးရှေ့မှာ ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြပါတယ်။










