
ဟူသီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီအာရေဗျကို ကာကွယ်ဖို့ အီဂျစ်စစ်တပ် စေလွှတ်နိုင်ရေးကို အောက်တိုဘာ ၂၆ ရက်မှာ အီဂျစ်လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။
အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီရဲ့ တောင်းဆိုချက်ကို လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒီခွင့်ပြုချက်ဟာ ဆော်ဒီဘက်က စစ်ရေးအကူအညီ တောင်းလာရင် တပ်ဖွဲ့တွေ စေလွှတ်နိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆော်ဒီက တရားဝင် အကူအညီတောင်းထားတာ မရှိသေးသလို စေလွှတ်မဲ့ တပ်အင်အားနဲ့ အချိန်ကိုလည်း မကြေညာသေးပါဘူး။
အီဂျစ်တပ်ဖွဲ့တွေဟာ ဆော်ဒီနယ်မြေကိုသာ ကာကွယ်မှာဖြစ်ပြီး ယီမင်နိုင်ငံထဲက ဟူသီပစ်မှတ်တွေကို မတိုက်ခိုက်ဘူးလို့ စီစီက ပြောပါတယ်။
ဒီစစ်ရေးအကူအညီဟာ ဆော်ဒီနိုင်ငံရဲ့ နယ်မြေ၊ အချုပ်အခြာအာဏာနဲ့ ဘာသာရေး အထွတ်အမြတ် နေရာတွေကို “ပြင်ပကျူးကျော်မှုကနေ ကာကွယ်ဖို့” ဖြစ်တယ်လို့ အီဂျစ်လွှတ်တော်က ထုတ်ပြန်ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေဟာ မကြာသေးခင်က ဆော်ဒီလေဆိပ်တွေနဲ့ ရေနံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီတောင်ဘက်က ဘာ့ဘ်အယ်လ်မန်ဒက် ရေလက်ကြားမှာလည်း ကုန်သွယ်ရေကြောင်းလုံခြုံရေး ခြိမ်းခြောက်ခံနေရပါတယ်။
ဒီရေလမ်းကြောင်းဟာ အီဂျစ်နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေ ရင်းမြစ်တခုဖြစ်တဲ့ စူးအက်တူးမြောင်းနဲ့ ဆက်သွယ်ထားပါတယ်။
ဒါပေမဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက ယီမင်ပြည်တွင်းစစ်မှာ အီဂျစ်စစ်သား သောင်းချီ စေလွှတ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့် အခုဆုံးဖြတ်ချက်အပေါ် အီဂျစ်နိုင်ငံသားတချို့ စိုးရိမ်နေကြပါတယ်။
Source: Reuters











